တနိုင်း လီဒိုလမ်းတစ်လျှောက်ရှိ ကျေးရွာတွေဖြစ်တဲ့ ဝါရာဇွပ်၊ ရှထုဇွပ်ကျေးရွာတွေမှာ မိုးရွာသွန်းမှု များပြားတာကြောင့် စက်တင်ဘာ ၂၅ ရက်နေ့က ကျေးရွာအတွင်း ရေလွှမ်းမှုဖြင့် ကြုံတွေ့ခဲ့ရတာကြောင့် ဒေသခံများ ရေဘေးဒုက္ခရောက်ခဲ့ကြရပါတယ်။

ယခုလို ကျေးရွာတွင်း ရေလွှမ်းခြင်းက ဒီနှစ်မိုးရာသီအတွင်း သုံးကြိမ်မြောက်ဖြစ်ကာ ယခုတစ်ခေါက်က အဆိုးရွားဆုံးဖြစ်ကာ၊ လယ်ယာနဲ့နေအိမ်တွေ ရေလွှမ်းခြင်းခံခဲ့ရတာကြောင့် သွားလာမရဖြစ်နေရတယ်လို့ ဝါရာဇွပ်ကျေးရွာရှိ ဦးတန်ဂွန်း ကပြောပါတယ်။
ရေလွှမ်းခြင်းခံနေရတဲ့ ဒေသခံများအနေဖြင့် ဝမ်းရေးအတွက် စုဆောင်းထားရှိတဲ့ အစားအသောက်များဖြင့် ဖြေရှင်းနေရကာ လယ်ယာပျက်စီးခြင်း မွေးမြူထားသော ကျွဲနွားပျက်ဆုံး သေဆုံးခြင်းများဖြင့်ကြုံတွေနေရပြီး လူ့အသက်ဘေးကလွတ်ဖို့ကို အဓိကထားပြီး ထွက်ပြေးခိုလှုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဝါရာဇွပ်ကျေးရွာရှိ အိမ်ထောင်စု ၆၀ ခန့် ရေလွှမ်းသွားခဲ့ကာ လက်ရှိမှာတော့ အိမ်ခြေတိုင်မြင့်ရှိတဲ့ အိမ်နီးနားချင်းများတွင် ခိုလုံနေကြရပြီး စက်တင်ဘာ ၂၅ ရက်နေ့မှာတော့ ၃ ပေဝန်းကျင် ရေကျသွားပြီဖြစ်ပေမယ့် မိုးရွာသွန်းမှုတွေ ဆက်လက်ရှိနေတာကြောင့် ရေကြီးဖို့ အလားအလာရှိနေပါသေးတယ်။
ကျေးရွာအတွင်း ရေဝင်ရောက်လာမှုရဲ့ အဓိကအကြောင်းရင်းက ချောင်းအများစုတွင် ရွှေတူးဖော်မှုများကြောင့် ရေလမ်းကြောင်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပြီး တနိုင်းလီဒိုလမ်းတစ်လျှောက် ယုဇနကုမ္ပဏီအနေဖြင့် စက်ကြီးများဖြင့် မြေတူးဖော်ခြင်းများနဲ့အတူ တောတောင်ရေမြေ ပျက်စီးလာခြင်းများကြောင့် ယခုလိုရေလွှမ်းခြင်းများ ဖြစ်ပေါ်လာရတာဖြစ်တယ်လို့ ဒေသခံတွေက မှန်းဆထားကြပါတယ်။
တနိုင်း လီဒိုလမ်းပေါ်ရှိ ကျေးရွာတစ်ခုဖြစ်တဲ့ ရှထုဇွပ်မှာလည်း နေအိမ်အတော်များများ ရေလွှမ်းခြင်းခံရကာ အခက်အခဲကြုံနေရကာ လက်ရှိမှာတော့ ရေလွှမ်းခြင်းမရှိတဲ့ နေရအချို့ရှိ နေအိမ်များ ဘုရားကျောင်းများတွင် ခုံလှုံနေရကာ အကူအညီလိုအပ်နေတယ်လို့ ဒေသခံများက ပြောကြပါတယ်။