မိုးမောက်မြို့နယ်တွင် မတ်လကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့တာကြောင့် မိုးမောက် စိန်လုံသာသနာဘော်ဒါဆောင်ဝင်းတွင် တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူများက လက်ရှိအချိန်တွင် ဆေးဝါးနဲ့ ကျန်းမာရေးစစ်ဆေးပေးမှုတွေ လိုအပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူများထဲတွင် ဖျာနာနေသူများပြားလာပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိဆိုတာကိုလည်း စစ်ဆေးနိုင်ခြင်းမရှိဖြစ်နေကာ ဖျာနာနေသူများကို ကျန်းမာရေးစောင့်ရှောက် ကြည့်ရှု့ပေးဖို့လည်း တတ်သိကျွမ်းကျင်သူများမရှိ ကောင်းမွန်စွာ ကုသမှုမပေးနိုင်တဲ့ အခြေအနေဖြစ်နေတာကြောင့် စိုးရိမ်ဖွယ်ဖြစ်နေတယ်လို့ ဆရာ ဆွမ်လွတ်မွန်းအောင် ကပြောပါတယ်။
“အင်မတန်ခက်ခဲတဲ့အချိန်ဖြစ်နေတယ် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် အပြင်သွားလာခွင့်မရှိဘူး၊ ဖျာနာလာရင်လည်း ဘယ်သူကိုဆက်သွယ်အကူအညီတောင်ဖို့လည်း မသိဖြစ်နေရတယ်၊ ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးပေးမယ့်အဖွဲ့၊ ကျန်းမာရေးစစ်ဆေးပေးတဲ့အဖွဲ့အစည်းတွေရှိရင်တော့ တအားကောင်းမှာပဲ၊ အခုတော့ ဘယ်သူ့ကိုမှ မဆက်သွယ်တတ်ပဲ စိုးရိမ်နေရပါတယ်” လို့ သူကပြောပါတယ်။
လွန်ခဲ့သောအပတ်ကစတင်ပြီး စစ်ရှောင်စခန်းတွင်း ဖျားနာလာသူများပြားလာပေမယ့် ကျန်းမာရေးဆေးခန်းပြသဖို့ မဖြစ်နိုင်တာကြောင့် ဆေးမှီးတို၊ တိုင်းရင်းဆေးများကိုသာ သုံးစွဲပြီး ကုသနေကြရကြောင်း သိရပါတယ်။
စိန်လုံသာသနာဘော်ဒါဝင်းတွင် စစ်ပွဲကြောင့် တိမ်းရှောင်လာတဲ့ အိမ်ထောင်စု ၆၇ စု လူဦးရေအားဖြင့် ၃၁၉ ဦး ခိုလှုံနေတာဖြစ်ပြီး အသက်အရွယ်ကြီးရင့်သူ ၁၀ ဦးကျော်ရှိနေကာ စခန်းကို အကူအညီပေးမှုတွေ မရောက်ရှိတာလည်း ၂ လကျော်လာပြီဖြစ်တာကြောင့် အစားအသောက်လိုအပ်ချက်တွေလည်း ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။