မိုးမောက်မြို့နယ် ဆလောင်းကုန်းတွင် တိုက်ပွဲပြင်းထန်ဆဲ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ ဆလောင်းကုန်းအထက်ပိုင်းဘက်ကို အာဏာသိမ်းစစ်ကောင်စီတပ်များက ယနေ့ မေလ ၂၆ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်တွင်တစ်ကြိမ်၊ ၃ နာရီနဲ့ ၅ နာရီတွင် တကြိမ်စီ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတာကြောင့် ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၂၅)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပူးပေါင်းတပ်မှ ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ယနေ့မနက်တွင်လည်း အလော့ဘွမ်တောင်ခြေရှိ ရှန်တွန်တောင်စောင်းဘက် အာဏာသိမ်းစစ်တပ်က နောက်ထပ် စစ်ကြောင်းတစ်ခုဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ကေအိုင်အေတပ်ဘက်မှ ခုခံတိုက်ခိုက်ခဲ့ပါတယ်။

ယမန်နေ့ မေလ ၂၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် မံစီမြို့နယ် နမ့်ခါးကျေးရွာနဲ့ ဘန်ခွန်ယန်ကျေးရွာကြားရှိ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ကေအိုင်အေ တပ်ရင်း (၂၇) မှ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ ထို့နောက်မှာတော့ စစ်ကောင်စီတပ်များက နမ့်ခါးကျေးရွာဘက်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

ထို့ပြင် ဘန်ခွန်ယန်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်မှ ၈၁-မမ လက်နက်ကြီးဖြင့် နမ့်ခါးကျေးရွာဘက်ကို နေ့လည် ၁ နာရီအချိန်ခန့်တွင် ၆ ကြိမ်တိုက် ပစ်ခတ်ခဲ့ပါသေးတယ်။ မိုးမောက်မြို့နယ်မှာတော့ ခါဘောမ့်တပ်စခန်းအနီးရှိ စစ်ကောင်စီတပ်သားများကို ကေအိုင်အေ တပ်ရင်း (၂၄) အဖွဲ့မှ မနက် ၁၁ နာရီခန့်တွင် တိုက်ခိုက်ခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေ ခပ်စိတ်စိတ်ရှိနေတဲ့အပြင် စစ်ကောင်စီဘက်မှ ကျေးရွာအနီးဝန်းကျင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုတွေ ရှိတာကြောင့် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရတယ်လို့ မိုးမောက်ဒေသခံတစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်တပ်မှ ကချင်ပြည်နယအပြင် သျှမ်းပြည်မြောက်ပိုင်း ဒေသအချို့တွင် နေ့စဉ်နေ့တိုင်း တပ်အင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်းဖြည့်တင်းခြင်းများနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်လာတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေအုံးမှာဖြစ်ပါတယ်။

ယနေ့မနက်တွင်လည်း သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖါလုံတွင် ကေအိုင်အေတပ်မဟာ (၄) တပ်ရင်း (၉) နဲ့ စစ်ကောင်စီတပ်ကြား နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

Leave a Reply

*