မိုးမောက်မြို့နယ်ရှိ ကျေးရွာဒေသခံများကို စစ်ကောင်စီက ထွက်ပြေးတိမ်းရှောင်ခြင်းမပြုလုပ်ဖို့ ခြိမ်းခြောက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်နေထိုင်တဲ့ ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီတပ်များက ထွက်ပြေးတိမ်းရှောင်ခြင်းမပြုလုပ်ဖို့ မတရားခြိမ်းခြောက် ဖိအားပေးမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

မြို့သစ်၊ ကုန်းလော၊ နွမ်လန်ကျေးရွာပြည်သူများကို အာဏာသိမ်းစစ်ကောင်စီတပ်များက အခြားကျေးရွာဘက် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခြင်းမပြုလုပ်ဖို့ ပြောဆိုလာပေမယ့် ကျေးရွာအတွင်း လက်နက်ကြီး မကြာခဏပစ်ခတ်ခံရမှုတွေရှိတဲ့အပြင် စစ်ကောင်စီတပ်များက ကျေးရွာတွင်း အခြေချနေထိုင်တာတွေကြောင့် ဒေသခံအများစုကတော့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီဖြစ်ကာ ကျေးရွာစောင့်သူအချို့နဲ့ မွေးမြူရေးလုပ်ဆောင်သူအချို့သာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် မိုးမောက်မြို့နယ်ရှိ ပြည်သူများက နန့်လှိုင်ခူးလီ ကက်သလစ်ဘုရားကျောင်းဝင်းတွင် ပြည်သူ ၂၀၀၊ မိုးမောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ကျောင်းမှာတော့ ပြည်သူ ၆၀၀၊ ဗန်းမော် တိမ်တော်ကြီးဘုန်းကြီးကျောင်းဝင်းတွင် ပြည်သူ ၂၀၀ ကျော်၊ ဗန်းမော်ရွှေချီနာဘုန်းကြီးကျောင်းတွင် ပြည်သူ ၂၀၀ကျော်၊ မန်နောင်းကျေးရွာတွင် ပြည်သူ ၄၀၀ကျော်၊ ဗန်းမော် စင်ကျင်းကျေးရွာတွင် ပြည်သူ ၂၀၀ ကျော်နဲ့ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတာပဲ ဖြစ်ပါတယ်။

ကေအိုင်အေတပ်မတော်နဲ့ စစ်ကောင်စီတပ်ကြား အခုတလော တိုက်ပွဲပြင်းထန်မှုတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေကာ စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားရာနေရာတဝိုက်အပြင် ပြည်သူတွေရှိတဲ့ ကျေးရွာဘက်တွင်လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်တဲ့အပြင် တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်နေ့တိုင်းပြုလုပ်နေတာကြောင့် အပြစ်မဲ့ပြည်သူ သေဆုံးရမှုတွေနဲ့ ဒဏ်ရာရရှိမှုတွေအပြင် နေအိမ်ပျက်စီးမှုတွေလည်း ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

Leave a Reply

*