ဗန်းမော်ခရိုင်၊ မိုးမောက်မြို့အထက်ပိုင်း ဝဝမ်ကျေးရွာနဲ့ လုံဂျာတောင်အနီးတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း ၁၅ တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။
မိုးမောက်မြို့တွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၄၃၇) တပ်မှအင်အား (၁၀၀) ဝန်းကျင်ပါတဲ့ စစ်ကြောင်းက ကေအိုင်အေ နယ်မြေဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ကေအိုင်အေတပ်မှ ခုခံတိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့ပါတယ်။
လက်တလောမှာတော့ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ အနီးဆုံးကျေးရွာအချို့မှ ဒေသခံပြည်သူများ ထိခိုက်မှာ စိုးရိမ်ဖွယ်ဖြစ်လာတာကြောင့် ဘေးလွတ်ရာဘက်ကို တိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်က ကေအိုင်အေနယ်မြေဘက် စစ်ရေးလှုပ်ရှား ထိုးစစ်ဆေင်မှုတွေ ပြုလုပ်လာခြင်းကြောင့် ယခင်လတုန်းကလည်း တပ်မဟာ (၃) တပ်ရင်း (၂၇) နယ်မြေဖြစ်တဲ့ အူလန်းပါ၊ နမ့်မတ်ဇွပ်၊ ကထန်ကောင်နဲ့ ကိုင်ထိပ်ကြား ဇော်ဘုံအူရားဘွမ်ကျေးရွာ စတဲ့နေရာများတွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား လေးကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။