ကေအိုင်အေတပ်မဟာ (၅) လက်အောက်ရှိ တပ်ရင်း (၃) နဲ့ တပ်အင်အား ၅၀ ရှိတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ဧပြီ ၂၂ ရက်နေ့က နံနက် ၉ နာရီခန့်တွင် ဒိန်ဂါနဲ့ ဝူထောင်ဘွမ်ကြားရှိ တောင်ကုန်းတစ်ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်များအနေဖြင့် ကေအိုင်အိုဌာနချုပ်နယ်မြေ Byin Pu Kawng တောင်ကုန်းဘက် ကေအိုင်အေတည်ရှိရာနေရာဘက်ကို ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာခြင်းကြောင့် ကေအိုင်အေ တပ်ရင်း (၃) နဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
ဧပြီ ၂၂ ညနေ ၃ နာရီခွဲအချိန်ခန့်တွင်လည်း စစ်အင်အား (၃၀) ရှိတဲ့ စစ်ကောင်စီတပ်များက ဒေါ့ဖုန်းယန်ဘက်ကနေ ထွက်ခွာလာစဉ် တလီခအနီးမှာ ကေအိုင်အေ တပ်ရင်း (၁၉) မှ စောင့်ဆိုင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
အေအေတပ်နဲ့ စစ်ကောင်စီတပ်ကြား ပန်ချိုလမ်းဆုံတွင် ယမန်နေ့ မနက် ၁၀ နာရီဝန်းကျင် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်များက ကုန်းလောနဲ့ပန်ချို တဝိုက် သွားလာလှုပ်ရှားနေစဉ် ကေအိုင်အေ မဟာမိတ်ဖြစ်တဲ့ အေအေတပ်ဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
ဧပြီ ၂၀ ရက်နေ့မှာလည်း ကေအိုင်အေ တပ်ဟာ (၆) တပ်ရင်း (၃၆) နယ်မြေဖြစ်တဲ့ Ya Pa တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ Nam Gun ဘက်မှ တပ်အင်အား (၈၀) ဝန်းကျင်ဖြင့် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ စစ်ကောင်စီတပ်မ (၉၉) အတွင်းရှိ တပ်ဖွဲ့နဲ့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေ နှစ်လကျော်ရှိလာပြီဖြစ်ကာ တိုက်ပွဲဖြစ်ပွားချိန်တိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်ကျေးရွာများရှိပေမယ့် ရမ်းသန်းပစ်ခတ်ခြင်းတွေပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရမှုတွေလည်း များစွာရှိနေပါတယ်။