မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော၊ စိဟက်ကျေးရွာများကို အာဏာသိမ်းစစ်ကောင်စီတပ်များက လက်နက်ကြီးများ မကြာခဏပစ်ခတ်ခြင်း ဝေဟင်မှ ဗုံးကြဲခြင်းများကို ဧပြီ ၁၁ ရက်နေ့ကတည်းက လုပ်ဆောင်လာခြင်းကြောင့် ယမန်နေ့ ဧပြီ ၁၅ ရက်နေ့မှာတော့ ဒေသခံပြည်သူ ၂၇၀ ကျော်က မိုးမောက်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်နေရတဲ့ မြို့သစ်၊ ကုန်းလော၊ ဒေါ့ဖုန်းယန်၊ နွမ်လန် ကျေးရွာများမှ အိမ်ထောင်စု (၅၄) စုက ဘုရားကျောင်းဝင်းထဲတွင် ယာယီခိုလှုံနေထိုင်ကြတာဖြစ်ပြီး ဒေသခံပြည်သူ ၂၀၀ ကျော်ကတော့ မိုးမောက်ဘုန်းကြီးကျောင်းဝင်းတွင် ခိုလှုံနေကြတာပါ။
အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေတပ်တို့ အလော့ဘွမ်နဲ့အနီးတဝိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးချိန်မှ ပြည်သူများနေထိုင်တဲ့ကျေးရွာဘက်ကို စစ်ကောင်စီတပ်များရဲ့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုတွေကြောင့် နေအိမ်ပျက်စီးမှုတွေ၊ ဒဏ်ရာရရှိမှုတွေနဲ့ အသက်သေဆုံးတဲ့အထိရှိခဲ့ခြင်းကြောင့် ထိုဒေသများရှိ ကျေးရွာပြည်သူများ နေထိုင်လို့ မသင့်တော်တော့တာကြောင့် မြို့နဲ့အနီးဆုံးနေရာဘက်ကို ထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်ကာ တိမ်းရှောင်လာတဲ့ပြည်သူကလည်း တစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာကြောင်း သိရပါတယ်။
လက်ရှိထွက်ပြေးတိမ်းရှောင်လာသူများ နေရာထိုင်ခင်းအတွက် အဆင်ပြေလာပြီဖြစ်ပေမယ့် စားသောက်ရေးလိုအပ်ချက်တွေ ရှိနေတာကြောင့် အကူအညီတွေလည်း လိုအပ်မှုတွေဖြစ်နေကြောင်း သိရပါတယ်။