မိုးမောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်

မိုးမောက်မြို့နယ်၊ လုံဂျာဘွမ်တဝိုက် ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၅ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်း အသုံးပြုကာ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၅) နယ်မြေဘက် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၂၃၇, ခမရ ၄၃၇ နဲ့ တပ်မ ၈၈ ပူးပေါင်းအဖွဲ့မှ ဗန်မော်မြို့ဘက်ကနေ လုံဂျာဘွမ် အောက်ဘက် ကေအိုင်အေတပ်စခန်းဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာဖြစ်ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နေကာ အဆိုပါနေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ရှေ့ထွက်မိုင်း နင်းမိကာ သေဆုံးထိခိုက်မှု ရှိခဲ့ကြောင်း မြေပြင်သတင်းတွေအရ သိရပါတယ်။

အဆိုပါနေ့ကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ လုံဂျာဘွမ်တဝိုက် လေကြောင်းဖြင့် တိုက်ခိုက်မှုတွေ တိုးမြင့်လုပ်ဆောင်လာကာ ဗယနေ့တွင်လည်း ဗုံးကြဲတိုက်ခိုက်လာမှု ရှိခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

ယမန်နေ့ အောက်တိုဘာ ၂၃ ရက်နေ့တွင်လည်း နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကာ နေ့လည် ၁၁ နာရီခန့်ကနေ ညနေပိုင်း ၅ နာရီအတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်ဖြင့် အလစ်ဝင်ရောက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် တေးဂီတပွဲပြုလုပ်နေတဲ့ ကေအိုင်အေတပ်မဟာ (၉)ရှိ အနန်ပါတွင် ဗုံးကျရောက်ပေါက်ကွဲကာ အပြစ်မဲ့ပြည်သူလူထု၊ အနုပညာရှင် အတတ်ပညာရှင်၊ လုပ်ငန်းရှင်များနဲ့ ကေအိုင်အေ စစ်ဘက် အရပ်ဘက် ဝန်ထမ်း အများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။

Leave a Reply

*