မိုးညှင်းခရိုင်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း ၂ ခုကို KIA နဲ့ PDF ပူးပေါင်း တိုက်ခိုက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အတွင်းရှိ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မော်ဟန်ရဲစခန်းကို ယနေ့ မနက် ၃ နာရီခန့်တွင် KIA နဲ့ PDF ပူးပေါင်းတပ်မှ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ဖားကန့်မြို့ နမ့်မဖြစ် ကျေးရွာအုပ်စု၊ ဂျာရာယန် ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ မော်ဟန်တပ်စခန်းမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ

မိုးညှင်းမြို့ မော်ဟန်ကျေးရွာ ရဲစခန်းကို ယနေ့ ဖေဖော်ဝါရီ ၃ ရက် မနက် ၃ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈) တပ်ရင်း ၃၅ နဲ့ PDF ပူးပေါင်းတပ်မှ ဝင်ရောက် တိုက်ခိုက်ခဲ့အပြီး ရဲအရာရှိ နှစ်ဦး သေဆုံးကာ လက်နက်ခဲယမ်းအချို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ချအဖမ်းခံသူများလည်း ရှိကြောင်း သိရပါတယ်။

အဆိုပါ ၂ နာရီကြာဖြစ်ပွားခဲ့တဲ့ စခန်းသိမ်းမှုအပြီး စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကာ လက်နက်ခဲများကို သိမ်းဆည်းပြီး လက်နက်ချ အညံ့ခံခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရင်းမြစ်အရ သိရပါတယ်။

ထိုအပြင် ယနေ့မနက် ၅ နာရီခန့်တွင် ဖားကန့်မြို့၊ နမ့်မဖြစ် ကျေးရွာအုပ်စု၊ ဂျာရာယန်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကေအိုင်အေ တပ်မဟာ ၉ တပ်ရင်း (၆) နဲ့ PDF ပူးပေါင်းတပ်မှ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၁၁) တပ်ကို ဝင်ရောက်တိုက်ခိုက်မှုတွင် မနက် ၉ နာရီအချိန်ထိ တိုက်ပွဲပြင်းထထန်စွာဖြစ်ပွားခဲ့ကာ မနက် ၆ နာရီခန့်တွင် တွင် ဖားကန့်မြို့ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ၁၀ ချက်ထက်မနည်း ရမ်သမ်းပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲများပြင်းထန်တဲ့ အဆိုပါနေရာဘက် နေ့လည် ၁ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မြစ်ကြီးနားလေတပ်စခန်းမှ ဂျက်တိုက်လေယဉ် ၂ စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့ကြောင်း အနီးဝန်းကျင်ရှိ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ် အာဏာ မတရားရယူခြင်း တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ပူတာအိုခရိုင်အတွင်းရှိ ဆွမ်ပီယန်နဲ့ လုံယှာယန်တပ်စခန်းများကို KIA နဲ့ PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်မှုတွေရှိခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင်လည်း စစ်ကောင်စီ တပ်စခန်း ၃ ခုကို တိုက်ခိုက်ခဲ့ပါတယ်။

အရပ်သားအစိုးရဆီကနေ မြန်မာစစ်တပ် အဓမ္မအာဏာ ရယူလိုက်တဲ့ တစ်နှစ်အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများတွင် ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲပေါင်း (၄၉၀) ကျော် ဖြစ်ပွားခဲ့ကြောင်း စစ်ရေး သတင်းအချက်အလက်အရ သိရပါတယ်။

Leave a Reply

*