မိုးကောင်းမြို့အနီး ကေအိုင်အေနဲ့ အာဏာသိမ်းစစ်တပ် တိုက်ပွဲဖြစ်ပွား

မိုးကောင်းမြို့နယ် လွယ်လီယန်ကျေးရွာဟောင်းတွင် ကေအိုင်အေတပ်မဟာ (၂) တပ်ရင်း (၁၁) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ဧပြီ ၈ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်များက စစ်ကား (၃) စီးဖြင့် မိုးကောင်းမြို့ကနေ ချီတက်လာစဉ် ကေအိုင်အေ တပ်ရင်း ၁၁ မှ စောင့်ကြိုခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

“စစ်အင်အား ၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေက စစ်ကား သုံးစီးနဲ့ မိုးကောင်းကနေ တက်လာတာ ကေအိုင်အေဘက်က စောင့်ကြိုတိုက်ခိုက်လိုက်တာပေါ့” လို့ ရှေ့တန်းရောက်စစ်သည်တစ်ဦးကပြောပါတယ်။

ယမန်နေ့ ည ၈ နာရီခွဲအချိန်မှာလည်း ကေအိုင်အိုဌာနချုပ်အနီးရှိ ဟန်ကိုင်တောင်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခလရ (၁၄၂) မှ ကေအိုင်အေတပ်ရင်း (၂၄) စခန်းဘက်ကို ၁၀၅-မမ လက်နက်ကြီးဖြင့် ၈ ကြိမ်တိုင် ပစ်ခတ်မှုတွေပြုလုပ်ခဲ့သလို ခရာတောင်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များက စင်ယူးတောင်ဘက်ကို ၈၁-မမ လက်နက်ဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ပါသေးတယ်။

ဧပြီ ၈ ရက် ထိုနေ့ညမှာပင် မဂျီတောင်ပေါ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက ကေအိုင်အေ တပ်ရင်း (၂၇) နယ်မြေ ဒိန်ဆင်းဘက်အခြမ်းကို ၁၀၅-မမ လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်ခဲ့ခြင်းကြောင့် လိုင်ဇာမြို့အထိ လက်နက်ကြီးပေါက်ကွဲသံကို ကြားခဲ့ရသလို ဒေသခံများနဲ့ စစ်ဘေးရှောင်ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်များက ယခုတလော ကေအိုင်အေနယ်မြေဘက်နဲ့ သူတို့တပ်စွဲထားရာနေရာတဝိုက်ဘက်ကို လက်နက်ကြီးများဖြင့် မကြာခဏဆိုသလို ရမ်းသန်းပစ်ခတ်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာနေတာကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ နေရာများပင်ရှိနေပါတယ်။

Leave a Reply

*