မိုးကောင်းကို ရောက်ရှိလာတဲ့ အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို KIA, PDF  ပူးပေါင်းတပ်မှ ၂ နေရာ တိုက်ခိုက်

မိုးကောင်းမြို့နယ်၊ တောင်နီကျေးရွာနဲ့ နမ္မနကျေးရွာကြား ယမန်နေ့ မတ်လ ၈ ရက်နေ့ ညနေပိုင်း ၇ နာရီဝန်းကျင်ခန့်တွင် စစ်ယာဉ် ၁၀ စီးဖြင့် လှုပ်ရှားသွားလာနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို KIA, PDF  ပူးပေါင်းတပ်မှ နှစ်ကြိမ်တိုင် မိုင်ဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။

ကချင်ပြည်နယ်ဘက် စစ်အင်အား၊ လက်နက်ခဲယမ်းများ သယ်ဆောင်ကာ အင်အားတိုးချဲ့လာတဲ့ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ယာဉ်တန်းကို ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်လိုက်ခြင်းဖြစ်ကာ စစ်ကား ၁ စီး ပျက်စီးသွားခဲ့ကာ စစ်ကောင်စီတပ်သား သေဆုံးမှုအချို့ ရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါစစ်ယာဉ်တန်းက ဆက်လက်ထွက်ခွာလာတာကြောင့် ညနေ ၉ နာရီခန့်တွင် မိုးကောင်း ၃ မိုင်လမ်းဆုံတွင် KIA, PDF  ပူးပေါင်းတပ်မှ နောက်တစ်ကြိမ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၂၇) နယ်မြေတွင်လည်း မတ်လ ၈ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခန့်တွင် အင်အား ၁၀၀ ပါ အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၈၈)၊ တကခ (၁၅), ခလရ (၁၂၁) ပူးပေါင်းအဖွဲ့က မုန်းခေါင်တပ်စခန်းကနေ မဂျီကုန်းတပ်စခန်းဘက် စစ်အင်အားတိုးဖို့ ထွက်ခွာလာစဉ် KIA, PDF  ပူးပေါင်းတပ်နဲ့ ထိပ်တိုက်တိုးကာ နေ့လည် ၁၂ နာရီအထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က လက်တလောတွင် ကချင်ပြည်နယ်အတွင်း စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာများ ဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် တိုက်ပွဲမကြာခဏဆိုသလို မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတွင် ဖြစ်ပွားနေပြီး မတ်လ ၇ ရက်နေ့ မနက် ၇ နာရီခန့်မှာတော့ မိုးညှင်းနဲ့ နန်းမားကျေးရွာကြားရှိ ညောင်းကုန်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ၂၇ စီးပါ စစ်ယာဉ်တန်းကို KIA, PDF  ပူးပေါင်းတပ်မှ စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

*