မိုင်းပျဉ်းနဲ့ နောင်ဖိုင်ကြား အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း ဖောင်းဆိုင်အနီး မိုင်းပျဉ်းကျေးရွာနဲ့ နောင်ဖိုင်ကျေးရွာအကြား ယနေ့ ဇူလိုင် ၁၃ ရက်နေ့ မနက် ၉ နာရီခွဲခန့်ကစတင်ပြီး အာဏာသိမ်းစစ်တပ်အကြမ်းဖက်အုပ်စုနဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ ၁၅ မိနစ်ကြာ နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပါတယ်။

Photo Credit to Reuters

အာဏာသိမ်းစစ်တပ်က ဖောင်းဆိုင်ကျေးရွာအနီးဝန်းကျင် စစ်ရေးလှုပ်ရှားလာတာကြောင့် ကိုးကန့်တပ်မတော်ဘက်မှ ကြားဖြတ်ခုခံတိုက်ခိုက်စဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဇူလိုင် ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင်လည်း ထိုကျေးရွာအနီး တိုက်ပွဲတွေဆက်ဖြစ်နေခဲ့တာပါ။

မုံကိုး-ဖောင်းဆိုင်ဒေသတွင် ကိုးကန့်တပ်မတော်နဲ့ အာဏာသိမ်းစစ်တပ်အကြမ်းဖက်အုပ်စုကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်များက အနီးဝန်းကျင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေလည်း အမြဲလိုလို လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူများ စိုးရိမ်တကြီးဖြင့် နေထိုင်နေကြရပါတယ်။

ဖောင်းဆိုင်ကျေးရွာအနီး လရှပ်ကျေးရွာတွင်လည်း အာဏာသိမ်းစစ်တပ်က တပ်စွဲနေထိုင်နေတာကြောင့် ထိုနေရာရှိ ဒေသခံပြည်သူများက တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကာ အချို့ကတော့ လယ်တောတွေဘက် ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

Leave a Reply

*