မိုင်းခေါင်ကျေးရွာအနီး ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား

ဖေဖော်ဝါရီ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။

မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ၊ သင်တန်းကုန်းအနီး ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက် ၇ နာရီခန့်ကစတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၃ တပ်ရင်း ၂၇ ဘက် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

ကေအိုင်အေတပ်စခန်းအနီးဘက် အကြမ်းဖက် စစ်တပ် ခလရ ၂၂၃, ခလရ ၂၃၆ ပူးပေါင်းတပ်က ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါနယ်မြေဘက် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကတည်းက စစ်အင်အားတိုးချဲ့ကာ အလုံးအရင်းဖြင့် စစ်ကြောင်းများခွဲကာ ဘန်ဂေါ်၊ မိုင်းခေါင်း စတဲ့ဒေသများဘက် စစ်ရေးလှုပ်ရှားလာနေတာကြောင့် ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်နေရတာဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ ယနေ့အချိန်ထိ အဆိုပါနယ်မြေများတွင် ရှိနေသေးတာကြောင့် ကေအိုင်အေတပ်နဲ့ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေသေးပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က မှန်းဆထားပါတယ်။

ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ (Kachin Sub-state) တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်အင်အား၊ လက်နက်ခဲယမ်းဖြည့်တင်းပြီး ထိုးစစ်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်လာခြင်းကြောင့် ကေအိုင်အေတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေကလည်း နေ့တိုင်းလိုလို ရှိနေပါတယ်။

Leave a Reply

*