မိုင်ဂျာယန် ဖယ်ဒရယ်ဥပဒေကျောင်း ပြန်လည်ဖွင့်လှစ်မည်

ကေအိုင်အိုထိန်းချုပ်နယ်မြေ၊ မိုင်ဂျာယန်မြို့မှာရှိတဲ့ Federal Law Academy ကျောင်းကိုလာမယ့် အောက်တိုဘာလ ၁၅ရက်ကနေ ပြန်လည်ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။

Federal Law Academy ကိုတက်ရောက်မယ့်ကျောင်းသားတွေဟာ KIO အစိုးရကျောင်းမှ အထက်တန်းပညာကိုအောင်ထားပြီးသူများ၊ ကေအိုင်အိုအစိုးရဌာနအသီးသီးတွင် ၃နှစ်တာဝန်ထမ်းဆောင်တဲ့ အတွေ့အကြုံရှိသူများ၊ မြန်မာအစိုးရကျောင်းပြီးတဲ့ကျောင်းသားတွေက အနည်းဆုံးကောလိပ် သို့မဟုတ် တက္ကသိုလ်များတွင် ဒုတိယနှစ်အောင်မြင်ပြီးသူများကိုသာ လက်ခံသင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဓာတ်ပုံ – Federal Law Academy

Federal Law Academy ကို ယခင်နှစ်တွေတုန်းက မေလကနေ စက်တင်ဘာလထိ တစ်ကြိမ်၊ နိုဝင်ဘာလကနေ မတ်လ အထိတစ်ကြိမ်သင်ကြားပေးခဲ့တဲ့ကျောင်းဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ COVID-19 ကပ်ရောဂါကြောင့် ကျောင်းကိုခေတ္တပိတ်ထားရပြီး ဒီကျောင်းဟာ လူမျိုးမရွေးတတ်ရောက်နိုင်တဲ့ကျောင်းဖြစ်သလို အဝေးရောက်ကျောင်းသားများကိုတော့ အွန်လိုင်းကနေတဆင့် အချိန်ပြည့်သင်ကြားပေးမှာဖြစ်သလို KIO နယ်မြေအတွင်းနဲ့ မြန်မာအစိုးရနယ်မြေရှိ ကျောင်းသားများကိုတော့ ကျောင်းတွင်သင်ကြားခံယူရမယ်လို့ သိရှိရပါတယ်။

“ဒီ မိုင်ဂျာယန်မှာရှိတဲ့ အဆင့်မြင့်ကျောင်းတချို့တွေဟာ လွန်ခဲ့တဲ့ တစ်လ,နှစ်လပိုင်းကတည်းကဖွင့်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ကျောင်းတွေကတော့ COVID-19 ကြောင့် မြို့ထဲကလာမယ့်ကျောင်းသားတွေ သာမက မြန်မာနိုင်ငံအတွင်းရှိ ကျောင်းသားများလည်းပါဝင်ပြီး အခြားသောလူမျိုးများလည်းပါဝင်တာကြောင့် သူတို့ကျောင်းကိုလာနိုင်မယ့် အခြေအနေကိုကြည့်ပြီးတော့ အခုမှဒီကျောင်းကိုပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။” လို့ Federal Law Academy ကျောင်းအုပ် ဆရာမ ဆန်မိုင် ကပြောပါတယ်။

Federal Law Academy မှာ တက်ရောက်မယ့်ကျောင်းသားတွေကို ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း အိပ်ခန်းတစ်ခန်းတွင် ကျောင်းသားတယောက်သာထားရှိပြီး စာသင်ခန်းထဲတွင်လည်း စားပွဲတလုံးကို သုံးယောက်သာထိုင်မယ့်နည်း ကျင့်သုံးပြီး သင်ကြားသွားမှာ ဖြစ်ပါတယ်။

Federal Law Academy ကျောင်းကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစတင်ဖွင့်လှစ်သင်းကြားခဲ့ပြီး ယခုအချိန်မှာတော့ Federal Law Academy ကျောင်းဆင်းသူဦး‌ရေအယောက် (၇၀) ကျော်ရှိကြောင်းသိရှိရပါတယ်။

Leave a Reply

*