ကေအိုင်အိုထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလာခြင်းကြောင့် အသွားအလာကန့်သတ်ထားရှိပြီး ပိတ်ထားခဲ့ရတဲ့ ဈေးကြီးနဲ့ ဈေးဆိုင်တွေအများစုကို ဩဂုတ် ၃၀ ရက်နေ့ကစတင်ပြီး ဈေးရောင်းချခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

လော့ဒေါင်းစည်းကမ်းချမှတ်ထားဆဲဖြစ်ပေမယ့် မြို့တွင်း ကိုဗစ်ကင်းစင်လာပြီး ကူးစက်ခံရသူများကလည်း ကျန်းမာရေးကောင်းမွန်လာပြီဖြစ်တာကြောင့် စားဝတ်နေရေးအဆင်ပြေစေဖို့၊ စီးပွားရေးပြန်လည်လုပ်ဆောင်နိုင်ဖို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး အရှ့ပိုင်းဌာနချုပ်ကော်မတီမှ ဈေးဆိုင်များကို အချိန်အပိုင်းအခြားတစ်ခုတွင် ပြန်လည်ဖွင့်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
“အခုက လော့ဒေါင်းဖြေလျော့လိုက်တဲ့သဘောတော့ မဟုတ်သေးဘူး၊ ရောဂါကူးစက်မှုများပြားချိန် ကိုဗစ်စည်းကမ်းတွေ တင်းကျပ်တာရှိခဲ့သလိုပဲ ကိုဗစ်ကူးစက်မှုလျော့နည်းသက်သာလာတော့ အခြေအနေပေါ်မူတည်ပြီး ပြန်လည်ဖွင့်ပေးလိုက်ခြင်းသာဖြစ်တယ်” လို့ မိုင်ဂျာယန်မြို့ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မိုင်ဂျာယန်မြို့တွင်းရှိ ဆိုင်ခန်းများကို ညနေ ၉ နာရီအချိန်ထိ ဖွင့်လှစ်ရောင်းချခွင့်ပြုထားတာဖြစ်ပြီး ဆိုင်ထိုင်စားသောက်ခြင်း၊ လူစုလူဝေးဖြစ်စေခြင်းများ မပြုလုပ်ဖို့ စည်းကမ်းချမှတ်ထားပြီး လိုက်နာခြင်းမရှိ ချိုးဖောက်မှုများကိုလည်း စစ်ဆေးသွားဖို့ လုပ်ဆောင်နေပါတယ်။
“တနေ့လုံးဖွင့်ဖို့ ခွင့်ပြုထားပေမယ့် ဆိုင်ထိုင်တာ၊ လူအများစုဝေးတာတွေကိုတော့ ပိတ်ပင်ထားတယ် ပါဆယ်စနစ်နဲ့ ပြုလုပ်ဖို့ နေ့တိုင်းစစ်ဆေးတာတွေကို မြို့တော်ရဲတပ်ဖွဲ့၊ လူငယ်၊ ဌာနရုံးတွေက စစ်ဆေးတာတွေ ပြုလုပ်သွားမှာပါ” လို့ သူကဆက်ပြောပါတယ်။
ဈေးဆိုင်အားလုံးအနေဖြင့် သတ်မှတ်ချိန်တွင် ပိတ်သိမ်းရမှာဖြစ်ပြီး အချိန်ကျော်လွန်ရောင်းချခြင်းလုံးဝခွင့်ပြုမှာ မဟုတ်ကြောင်း စည်းကမ်းချမှတ်ထားပြီး ဖောက်ဖျက်တဲ့ဆိုင်များကို ပြင်းထန်စွာအရေးယူဆောင်ရွက်သွားဖို့ ရှိနေပါတယ်။