မိုင်ဂျာယန်ရှိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၂၃၈ ဦးထဲမှ ၄၄ ဦး ပိုးကင်းစင်ပြီ

ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင်း လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာနဲ့ ပတ်သက်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီနဲ့ အရှေ့ပိုင်းဌာနချုပ်ကော်မတီတို့ ယနေ့ ဇူလိုင် ၁၃ ရက်နေ့တွင် ဒွန်ဘုန်းဇွပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုတွင် အရှေ့ပိုင်းဌာနချုပ် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ကော်မတီ ခေါင်းဆောင် ဗိုလ်ကြီး မဂျီဇော်ရိန်မှ လက်ရှိ မိုင်ဂျာယန်မြို့တွင်း ကိုဗစ်-၁၉ ကပ်ရောဂါပိုးတွေ့ရှိထားသူများကို သေချာစွာပြုစုစောင့်ကြည့်နေကာ ရောဂါစစ်ဆေးခြင်းနဲ့အခြားသော အရေးကြီးတဲ့အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ပါတယ်။

“မိုင်ဂျာယန်မြို့မှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူ (၂၃၈) ဦးထိရှိတဲ့ထဲက ၄၄ ဦးက Negative ပြ ရောဂါပိုးကင်းစင်ပြီဖြစ်ကာ၊ Negative ပြသူတွေကို သီးသန့်နေရာတွင်ပြန်လည်ထားရှိ ကျန်းမာရေးစောင့်ကြည့်ပေးနေပါတယ်” လို့ အရှေ့ပိုင်းတိုင်းဌာနချုပ် ကော်မတီ ဒေါက်တာ ဇော်ဘောက် ကပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီအနေဖြင့်လည်း ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ အားသွန်ခွန်စိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး Covid-19 ရောဂါပိုးရှိသူများကို ဆေးဝါးကုသမှုခံယူစေရေး စီမံခန့်ခွဲမှုအပိုင်းများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဗဟိုကော်မတီခေါင်းဆောင် ဆလန်ကဘား ဆွမ်လွတ်ဂမ်မှ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် စိတ်တူကိုယ်တူဖြင့် အားစိုက်လုပ်ဆောင်ကြဖို့၊ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း အချိန်နဲ့တပြေးညီထုတ်ပြန်နိုင်ဖို့ ခွန်အားပေးတိုက်တွန်းခဲ့ပါတယ်။

အရှေ့ပိုင်းတိုင်းဌာနချုပ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများကို ပြုစုစောင့်ရှောက်ဖို့အတွင် ကေအိုင်အိုဌာနချုပ်မှ ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းပေးသွားလည်း ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ မိုင်ဂျာယန်မြို့တဝိုက် ခရီးသွားလာခြင်းများကို ပိတ်ပင်တားမြစ်ထားကာ ကိုဗစ်-၁၉ ပိုမိုမပြန့်ပွားစေဖို့ မိုင်ဂျာယန်မြို့ရှိ ကျေးရွာများ ရပ်ကွက်များကို အသွားအလာကန့်သတ်ထားရှိပြီး ကိုဗစ်-၁၉ ရောဂါရှိမရှိစစ်ဆေးခြင်းတွေ၊ ရောဂါပိုးရှိသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေကို အင်တိုက်အားတိုက်လုပ်ဆောင်နေကြပါတယ်။

 ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူအများစုကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးထားပြီးဖြစ်ပေမယ့် မိုင်ဂျာယန်မြို့ ဝင်ရောက်လာသူထဲမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူတွေ့ရှိခဲ့တာကြောင့် လူစုလူဝေးမှန်သမျှကို တစ်ပတ်ပိတ်ပင်ထားကာ မိုင်ဂျာယန်မြို့ရှိ ပြည်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေးပေးနေပြီး ရောဂါပိုးမရှိ ကာကွယ်ဆေးထိုးနှံခြင်းမပြုလုပ်သေးသူများကို ကာကွယ်ဆေးထိုးနှံပေးခြင်းကိုလည်း လုပ်ဆောင်နေပါတယ်။

Leave a Reply

*