ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ကိုဗစ်တတိယလှိုင်းဒဏ် ခံစားခဲ့ကြရသလို ရောဂါကူးစက်ခံရသူ ၂၁၅၃ ဦးရှိခဲ့ပြီး ထိုအထဲမှ ၁၉၉၄ ဦးပျောက်ကင်းသက်သာကာ နေအိမ်ပြန်ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး အရှေ့ပိုင်းတိုင်းဌာနချုပ်ကော်မတီထံမှ သိရပါတယ်။

စက်တင်ဘာ ၁၄ ရက် ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသူများကို ကာကွယ်ဆေးထိုးနှံလုပ်ဆောင်ခဲ့ကာ ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးခံသူလည်း ၁၁၁ ဦးရှိခဲ့ပါတယ်။ လက်ရှိ ပိုးတွေ့လူနာ ၁၆၄ ဦးကလည်း ဆေးဝါးကုသမှုခံယူနေရာကနေ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကောင်းမွန်စွာသက်သာပြီးဖြစ်တာကြောင့် နေအိမ်ပြန်ခွင့်ပြုခဲ့ပါတယ်။
ပိုးတွေ့လူနာများကို ဆေးဝါးကုသပေးနေတဲ့ ကျန်းမာရေးစင်တာတွင် ကုသမှုခံယူ အယောက် ၂၀ ကလည်း ရောဂါပိုးမရှိ အဖြေထွက်ပေါ်လာတာကြောင့် ကျန်းမာရေးစောင့်ကြည့်မှုထပ်မံ ခံယူနေသလို ကိုဗစ်ပိုးရှိသူ ၁၃၉ ဦး ကျန်ရှိနေသေးကြောင်း သိရပါတယ်။
လိုင်ဇာမြို့တော်တွင်လည်း မြို့အဝင်အထွက်ကို ပိတ်ပင်ထားဆဲဖြစ်သလို ကိုဗစ်ကာကွယ်မှုတွေ လုပ်ဆောင်နေရာမှ ကိုဗစ်ပိုးရှိသူ ရှာဖွေတွေ့ရှိထားတာကြောင့် ဆေးဝါးကုသမှုခံယူနေသူ ၃၈ ဦးရှိပြီး သံသယလူနာကတော့ ၆၃ ဦးရှိနေပါတယ်။
ကိုဗစ်ဓာတ်ခွဲခန်းဖြင့် စစ်ဆေးရာတွင် ပိုးရှိကြောင်းအဖြေထွက်ရှိ ဆေးဝါးကုသမှုခံယူနေသူများကတော့ အင်ဘာပါတွင် ၂၁ ဦး၊ ဒေါ့ဖုန်းယန်တွင် ၆၈ ဦး၊ ကုန်းလောတွင် ၄၇ ဦး၊ မြောက်ပိုင်းတိုင်းဌာနချုပ်နယ်မြေတွင် ၁၁၁ ဦး၊ ဖားကန့်ဒေသတွင် ၁၆၀ ဦး၊ အနောက်ပိုင်းတိုင်ဌာနချုပ်နယ်တွင် ၃၇ ဦး၊ အနောက်တောင်ဒေသတွင် ၃၇ ဦးရှိကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။