မိုင်ဂျာယန်မြို့တွင် လူဦးရေများပြားလာခြင်းကြောင့် ယာဉ်စည်းကမ်းတင်းကြပ်မည်

ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းတိုင်းဌာနချုပ် မိုင်ဂျာယန်မြို့တွင် မော်တော်ယာဉ်နဲ့ ဆိုင်ကယ်စီးနင်းခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဇွန်လ ၇ ရက်နေ့ကစတင်ပြီး ပိုမိုတင်းကြပ်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း မိုင်ဂျာယန်မြို့ ကော်မတီထံမှ သိရပါတယ်။

မိုင်ဂျာယန်မြို့တစ်နေရာအား တွေ့ရပုံ

စည်းကမ်းတင်းကြပ်ရခြင်းက ယာဉ်များကြောင့် ဖြစ်ပွားတဲ့ ပြဿနာများ လျော့ကျစေဖို့အတွက်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယာဉ်စည်းကမ်းများကို လျော့ပေါ့ပေးထားတာရှိခဲ့ပေမယ့် လက်ရှိမှာတော့ မိုင်ဂျာယန်မြို့တွင် အရပ်သားပြည်သူများပြားလာသလို ကျောင်းသားများလည်း များပြားလာခြင်းကြောင့် ထိုသူများရဲ့ အသက်အန္တရာယ်အတွက် ယနေ့ဇွန်လ ၇ ရက်နေ့ကစတင်ပြီး ပြန်လည်အရေးယူဆောင်ရွက်ခြင်းဖြစ်ပါတယ်။

“အရင်ကတည်းက ကေအိုင်အိုဌာနချုပ်ရဲ့ စီမံချက်ချမှတ်ထားတဲ့အထဲ ယာဉ်မောင်းနှင်ခြင်းဆိုင်ရာ စည်းကမ်းတွေကို လုပ်ဆောင်နေပေမယ့် ကပ်ရောဂါအခြေအနေကြောင့် အခက်အခဲရှိတော့ ပြည်သူတွေလည်း အခက်ကြုံရတာတွေရှိတော့ လျော့ပေါ့ပေးထားတာ၊ အခုကတော့ ပြည်သူတွေများပြားလာတာရယ် ကျောင်းသားတွေ တိုးများလာတာရယ်ကြောင့် စည်းမျဉ်းစည်းကမ်းတွေ ပြန်လည်တင်းကျပ်လိုက်ခြင်းဖြစ်ပါတယ်” လို့ မြို့ကော်မတီ အတွင်းရေးမှူး မာခါဂမ်အောင် ကပြောပါတယ်။

ယာဉ်စည်းကမ်းဖောက်ဖျက်သူတွေ၊ လိုင်စင်မရှိသူတွေ၊ ယာဉ်များကို စနစ်တကျမထားတာတွေ၊ ဆိုင်ကယ်တစ်စီး ၂ ဦးထက်ပိုစီးနှင်းသူတွေ၊ အသက်မပြည့်ပဲ ယာဉ်မောင်းနှင်သူတွေကို ပထမအကြိမ် ပညာပေးအရေးယူမှာဖြစ်ပြီး ယာဉ်စည်းကမ်းများကို တိကျစွာလိုက်နာတတ်စေဖို့ အကောင်းဆုံးအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သူက ဆက်ပြောပြပါတယ်။

Leave a Reply

*