မိုင်ဂျာယန်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုပြုလုပ်ပေး

ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ မိုင်ဂျာယန်မြို့တွင် နေထိုင်တဲ့ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ မြို့အနီးဝန်းကျင်ရှိ စစ်ဘေးရှောင်ပြည်သူများကို ဧပြီ ၂၀ ရက်နေ့ကစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို စတင်နေပါပြီ။

မိုင်ဂျာယန်မနောကွင်းတွင် ကာကွယ်ဆေးထိုးနှံပေးနေတာဖြစ်ပြီး ထိုးနှံပြီးသူများကိုတော့ ကေအိုင်အို အရှေ့ပိုင်းဌာနချုပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးကော်မတီမှ ထိုးနှံပြီးကြောင်းလက်မှတ် ထုတ်ပေးခြင်းတွေ ပြုလုပ်နေတာပါ။

ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ကိုင်ဆောင်သူများအနေဖြင့် စစ်ဆေးရေးဂိတ်များတွင် ပြသပြီး သွားလာနိုင်မှာဖြစ်ကာ လက်မှတ်မပါရှိသူများက ဖြတ်သန်းသွားလာခွင့်ပြုမှာမဟုတ်ပဲ ကျန်းမာရေးစောင့်ကြည့်ခြင်း (၂၁) ရက် ခံယူရမှာပဲ ဖြစ်ပါတဘ်။

ပြည်သူများကို နမူနာရယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အမြင်ဖွင့်ပို့ချမှုတွေ ဦးဆုံးလုပ်ဆောင်ပြီး ကာကွယ်ဆေးထိုးနှံပေးတာဖြစ်ကာ ကေအိုင်အို ထိန်းချုပ်နယ်မြေတိုင်းတွင် ထိုးနှံပေးသွားဖို့ ရှိနေပါတယ်။

“ဆေးစစ်ပြီး ဘာမှမတွေ့တဲ့ ပြည်သူတွေကိုတော့ ကာကွယ်ဆေးထိုးနှံပေးတယ်၊ အခုကတော့ စဉ်ဆက်မပျက် ဌာနချုပ်အသီးသီးမှာ ဆေးထိုးနှံမှုတွေလုပ်ဆောင်ပေးသွားဖို့ရှိတယ်” လို့ အရှေ့ပိုင်းဌာနချုပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးကော်မတီမှ တာဝန်ရှိသူ လဇွမ်လဒွဲ ကအခုလိုပြောပါတယ်။

ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးတဲ့ ဒေသရှိပြည်သူတိုင်း ကာကွယ်ဆေးကို ထိုးနှံခွင့်ရရှိမှာဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးဗဟိုကော်မတီမှ ဧပြီ ၁၇ ရက်က ထပ်မံကြေညာထားတာပဲဖြစ်ပါတယ်။

Leave a Reply

*