မိုင်ဂျာယန်တွင် ကိုဗစ်-၁၉ ပိုးရှိသူ ၆၀၀ ကျော်သွားပြီ

ကေအိုင်အိုထိန်းချုပ်နယ်မြေတစ်ခုဖြစ်တဲ့ မိုင်ဂျာယန်မြို့တွင် ယနေ့ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းအရောက်မှာတော့ ပိုးတွေ့လူနာတွေ တစ်နေ့ထက်တစ်နေ့ တိုးလာနေရာ ဇူလိုင် ၂၂ ရက်နေ့မှာတော့ နောက်ထပ် ပိုးတွေ့လူနာ (၁၆၄) ဦး ထပ်တိုးလာတာကြောင့် ယခင် ပထမလှိုင်း၊ ဒုတိယလှိုင်းတွင် ပိုးတွေ့လူနာမရှိပေမယ့် လက်ရှိမှာတော့ ကိုဗစ်ပိုးရှိသူ ၆၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၆၅၇ ဦးအထိ ရှိနေကာ ဆေးဝါးကုသမှုပေးနေပြီး ရောဂါပိုးပျောက်ကင်းလာသူများလည်း ရှိနေပြီဖြစ်ကာ ထိုသူများကိုတော့ ကျန်းမာရေးစောင့်ကြည့်မှု ထပ်မံလုပ်ဆောင်ထားကာ လိုင်ဇာမြို့မှာတော့ ယခင်တွေ့ရှိထားတဲ့ ၆ ဦးသာ စစ်ဆေးတွေ့ရှိထားတာဖြစ်ပြီး ပြည်သူများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခြင်းတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဆဒုံဒေသရှိ Hkau Shau စစ်ဘေးရှောင်စခန်းရှိ ပြည်သူတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားတာကြောင့် လက်ရှိတွင် ထိုစစ်ဘေးရှောင်စခန်းကို အသွားအလာကန့်သတ်ထားရှိကာ ကျန်းမာရေးစောင့်ကြည့်ခြင်းတွေကိုလည်း ပြုလုပ်နေပါတယ်။

ဖားကန့်မြို့နယ်မှာတော့ ဇူလိုင် ၂၂ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ သံသယလူနာ (၁၂၀) ရှိနေကာ နောင်လွတ်ဒေသမှာတော့ ကိုဗစ်သံသယလူနာ ၂ ဦးရှိနေကာ ပိုးရှိမရှိကို ထပ်မံစစ်ဆေး နေကြောင်းသိရပါတယ်။

မြန်မာနိုင်ငံရှိ မြို့အားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ရှိနေပြီဖြစ်ကာ ယခင်အရပ်သားအစိုးရကိုင်တွယ်စဉ် ရောဂါပိုးရှိသူ မရှိတဲ့ဒေသတွေအထိ ကိုဗစ်ပျံ့နှံ့မှုဖြစ်နေပြီး အာဏာသိမ်းစစ်ကောင်စီလက်အောက် ကျန်းမာရေးဌာနရဲ့ ယနေ့ ဇူလိုင် ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ၂၂၃ ဦး ထပ်တိုးကာ ၆ ဦးသေဆုံးကြောင်း ထုတ်ပြန်ထားကာ ဖားကန့်မြို့နဲ့ မြစ်ကြီးနားမြို့တွေကတော့ အများဆုံးဖြစ်နေပါတယ်။

Leave a Reply

*