ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းဌာနချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးခြင်းကို နေ့စဉ်တိုးမြင့်လုပ်ဆောင်နေရာ ယမန်နေ့ ဇူလိုင် ၂၀ ရက်နေ့မှာတော့ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အသစ် ၉၆ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှေ့ပိုင်းကော်မတီထံမှ သိရပါတယ်။

လက်ရှိ ရှာဖွေ့တွေ့ရှိသူ ၉၆ ဦးကတော့ Mai Ja Yang Institude Of Education ကျောင်းရှိ ကျောင်းဆရာနဲ့ကျောင်းသားများဖြစ်ကြကာ ၄ ဦးကတော့ ဖယ်ဒရယ်ဥပဒေကျောင်းက ကျောင်းသားများဖြစ်ကြပါတယ်။
မိုင်ဂျာယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ လက်ရှိအချိန်ထိ ၄၇၉ ဦးရှိပြီဖြစ်ပြီး ၅၈ ဦးကတော့ ရောဂါကင်းစင်ပြီဖြစ်တာကြောင့် သီသန့်နေရာတွင် ကျန်းမာရေးစောင့်ကြည့်မှုခံယူနေပြီး ရောဂါပိုးရှိနေသေးသူ (၄၂၁) ဦးကိုတော့ ဆက်လက်ပြီး ဆေးဝါးကုသမှု ပြုလုပ်ပေးနေပါတယ်။
မြို့တွင်းရှိ ပြည်သူများကို ဇူလိုင် ၉ ရက်နေ့ကစတင်ပြီး နှာခေါင်းအာခေါင်တို့ဖတ်ရယူကာ စစ်ဆေးပေးခြင်း လုပ်ဆောင်ပေးနေကာ ကျေးရွာအလိုက် ရပ်ကွက် အသွားအလာကန့်သတ်ခြင်းများကိုလည်းပြုလုပ်ထားပါတယ်။
Covid-19 ရောဂါပိုးသစ်ဖြင့် ကူးစက်မှုမြန်ဆန်နေတာဖြစ်ပြီး ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ မြို့ကြီးများတွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပေါ်နေတာကြောင့် လူစုလူဝေးဖြစ်စေတဲ့အရာတွေ၊ စာသင်ကျောင်းများ၊ ဘုရားကျောင်းများကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
ထို့ပြင် ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာ၊ မိုင်ဂျာယန်၊ လော့ခေါင် စတဲ့မြို့များကို အသွားအလာကန့်သတ်ခြင်းများ လုပ်ဆောင်ထားရှိထားကြောင်း သိရပါတယ်။
ကချင်ပြည်နယ်တွင်လည်း နေ့စဉ်နေ့တိုင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂၀၀ နီးပါးရှိနေသလို သေဆုံးမှုကလည်း ၁၅ ဦးထက်မနည်းရှိပြီး နေအိမ်တွင်သာ ဆေးဝါးကုသမှုကို ခံယူနေသူလည်း များပြားစွာရှိနေတာဖြစ်ပါတယ်။