မိုင်ဂျာယန်တွင် ကိုဗစ်ထိန်းချုပ်နိုင်ပြီး ကျောင်းများကို ပြန်လည်ဖွင့်လှစ်ဖို့ပြင်ဆင်

ကေအိုင်အိုထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများပြားလာခြင်းကြောင့် စာသင်ကျောင်းများ ရပ်နားထားတာ ၂ လနီးပါးရှိလာတဲ့အချိန်မှာတော့ ကိုဗစ်ထိန်းချုပ်လာနိုင်ပြီဖြစ်တာကြောင့် ကျောင်းများပြန်လည်ဖွင့်လှစ် သင်ကြားပို့ချနိုင်ဖို့အတွက် ဆွေးနွေးပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ကော်မတီမှ စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့များတွင် မိုင်ဂျာယန်မြို့ရှိ  အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများရှိ တာဝန်ရှိသူများနဲ့ အရှေ့ပိုင်းတိုင်းဌာနချုပ် ပညာရေးမှူးများ ပါဝင်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ၂ ရက်သာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကင်းစင်မည့်နေ့ရက်ကို မသိရှိနိုင်ပေမယ့် ကိုဗစ်စည်းကမ်းချက်များနဲ့အညီ ကျောင်းဖွင့်လှစ်သင်ကြားနိုင်ဖို့ ဆွေးနွေးတိုင်ပင်ခဲ့ကြကာ ဆွေးနွေးမှုရလာဒ်ကို ကေအိုင်အို ပညာရေးဝန်ကြီးဌာနဘက် ပြန်လည်ပေးပို့ပြီး ခွင့်ပြုချက်ရယူကာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး အရှေ့ပိုင်းတိုင်းကော်မတီ ခေါင်းဆောင် ဗိုလ်ကြီး မဂျီဇော်ရိန် ကပြောပါတယ်။

မိုင်ဂျာယန်မြို့တွင် Mai Ja Yang College, Federal Law Acadamy, MIED, ILAS ကျောင်း, Mungmyit Sinli အထက်တန်းကျောင်း၊ မိုင်ဂျာယန်အထက်တန်းကျောင်း၊ ထွယ်ဂင်တောင်ကျောင်းနဲ့ ဘော်ဒါကျောင်း ၁၀ ကျောင်းကျော်ဖြင့် စာသင်ကြားပေးချနေတာဖြစ်ပြီး ကျောင်းများအမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး သင်ကြားပေးနိုင်ဖို့ ကျောင်းသားများကလည်း လိုလားနေကြပါတယ်။

မိုင်ဂျာယန်မြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်နိုင်တဲ့အဆင့် ဖြစ်နေပြီဖြစ်တာကြောင့် အသွားအလာကန့်သတ်ခြင်းများကို တစ်ဆင့်ခြင်း ဖြေလျော့မှုလုပ်ဆောင်နေတာဖြစ်ပြီး ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းများကိုလည်း အစဉ်မပျက်လုပ်ဆောင်နေကာ လက်ရှိ ကိုဗစ်ရောဂါပိုးရှိသူ ၁၈၄ ဦးရှိကာ ဆေးဝါးကုသမှုခံယူနေပါတယ်။

Leave a Reply

*