မိုင်ဂျာယန်ကောလိပ်ကျောင်းသားများ ဖန်တီးရိုက်ကူးထားတဲ့ Can I Overcome ? လို့အမည်ပေးထားတဲ့ ဇာတ်လမ်းတိုရုပ်သံကို ဧပြီ ၉ ရက်နေ့က ကောလိပ်ကျောင်းရှိခန်းမတွင် ပြသခဲ့ကြပါတယ်။

ကျောင်းသားများကို အလွတ်ကျက်တဲ့ပညာရေးစနစ်ဖြင့် သင်ကြားပို့ချပေးခြင်းမဟုတ်ပဲ ကိုယ်ပိုင်အတွေးအမြင်များဖြင့် တီထွင်ကြံဆနိုင်တဲ့ စိတ်ကူးသစ် အတွေးသစ်များ ရရှိစေဖို့ ကောလိပ်ကျောင်းအနေဖြင့် တွန်းပို့နေတာပဲ ဖြစ်ပါတယ်။
“ကျောင်းသားတွေအနေနဲ့ စာကျက် စာမေးပွဲဖြေပြီး ပြီးဆုံးသွားတာမျိုးမဟုတ်ဖို့ သူတို့ရဲ့ ဉာဏ်ရေဉာဏ်သွေးပိုမိုမြင့်မားလာဖို့ သူတို့ကိုယ်တိုင် ကြံဆပြီးတော့ ကိုယ်ပိုင်အိုင်ဒီယာနဲ့ စတိုရီရေးဆွဲပြီး ကျယ်ပြန့်တဲ့တွေးဆမှုတွေ ကောင်းမွန်လာဖို့နဲ့ ကျောင်းပြီးသွားရင်လည်း လုပ်ငန်းတစ်ခုကို ကိုယ်တိုင်ဦးဆောင်လာတတ်ဖို့ ရည်ရွယ်ပြီး ဒီဇာတ်လမ်းတိုကို ရိုက်ကူးခဲ့ကြတာပါ” လို့ မိုင်ဂျာယန်ကောလိပ်မှ ကျောင်းဆရာမ လဖိုင်နန်ဆိုင်းမွန်းအောင် ကပြောပါတယ်။ ဇာတ်လမ်းတိုပြသခြင်းကို ယခုအကြိမ်က နှစ်ကြိမ်မြောက်ဖြစ်ကာ ကဗျာရွတ်ဆိုခြင်းများလည်း လုပ်ဆောင်ခဲ့ကြတာပါ။