မိနစ် ၂၀ ကြာ ကေအိုင်အေနဲ့အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆)၊ တပ်ရင်း (၃၆) နယ်မြေဖြစ်တဲ့ Mankawng ကျေးရွာနဲ့ Kaidwi ကျေးရွာအကြားတွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်ခန့်တွင် ကေအိုင်အေတပ်နဲ့ မြန်မာစစ်တပ် တပ်မ (၈၈)နဲ့ တပ်မ (၉၉)ရှိ တပ်များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တပ်အင်အား (၂၀၀) ဝန်းကျင်ရှိတဲ့ အစိုးရတပ်တွေ ကေအိုင်အေတပ်စွဲရာနယ်မြေဆီကို ရောက်ရှိလာခြင်းကြောင့် ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ရှေ့တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နှစ်ဖက်တပ်တွေ ထိတွေ့မှုက မိနစ် ၂၀ မျှသာကြာမြင့်ပေမယ့် အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကိုလည်း ရှိတာကြောင့် ရှေ့ဆက်တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ မှန်းဆထားကြပါတယ်။

“မြန်မာစစ်သားတွေက MNDAA , AA တို့နဲ့အရင်တိုက်ပွဲဖြစ်ပြီး တပ်ရင်း (၃၆)ကနေပြီးတော့ နောက်ပြန်ပစ်တာပေါ့၊ ထိတွေ့တာကတော့ မိနစ် (၂၀) လောက်ပါပဲ၊ သူတို့ဘက်ကတော့ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူနေတာပေါ့” လို့ ရှေ့တန်းရောက်ရှိနေသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ စစ်ဖြစ်ပွားရာနယ်မြေဘက်ကို အစိုးရတပ်အနေဖြင့် တပ်အင်အားတိုးချဲ့မှုတွေ မရှိသေးပေမယ့် နှစ်ဖက်တပ်တွေအနေဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာဖို့ ရှိနေပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် စက်တင်ဘာလကတည်းက ကေအိုင်အေတပ်နဲ့ အစိုးရတပ်တို့ကြား ထိတွေ့မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

Leave a Reply

*