ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၂ ခုနှစ်။
အကြမ်းဖက် စစ်ကောင်စီတပ်မှ မလိခ အနီးတဝိုက် လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု မကြာခဏပြုလုပ်လာခြင်းကြောင့် အရပ်သားပြည်သူ သေဆုံးမှုများလည်း ရှိလာကြောင်း သိရပါတယ်။
ဇန်နဝါရီလ ၃ ရက် ညနေပိုင်း ၄ နာရီခန့်တွင်လည်း ညောင်ပင်သာကျေးရွာအနီး မလိခမြစ်အတွင်း ရွှေတူးဖော်နေတဲ့ ရွှေဖောင်များရှိရာဘက် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ စစ်ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်မှု ပြုလုပ်ခဲ့တာကြောင့် အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးခဲ့ရပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွင် အမျိုးသမီး နှစ်ဦးပါဝင်ပြီး လက်ရှိမှာတောင့် ညောင်ပင်သာကျေးရွာ ဆေးပေးခန်းတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့တုန်းကလည်း မြစ်ကြီးနားလေတပ်စခန်းကနေ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂျက်လေယာဉ် ၂ စီးဖြင့် မလိခမြစ်တဝိုက် ရွှေတူးဖော်နေတဲ့ နေရာများဘက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် မြစ်ကြီးနားရဲလေး ရွှေဖောင် ၂ ခု ဗုံးထိမှန်ပျက်စီးသွားခဲ့တဲ့အပြင် မြစေတီအနီးရှိ တဖန်းပင် ရွှေမော်တွင်လည်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရပါတယ်။