ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို စက်တင်ဘာ ၂၉ ရက် ဘနေ့ မနက် ၇ နာရီခွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) တပ်ရင်း (၃၄) မှ ဝင်ရောက်တိုက်ခိုက် နိုင်ခဲ့ကြောင်း သိရပါတယ်။
မန်တုံမြို့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခမရ (၁၃၀) တပ်စခန်းကို ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် နှစ်ဖက် ၁ နာရီကြာ လက်နက်ကြီးများ အသုံးပြုပြီး အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ကာ မနက် ၁၀ နာရီအချိန်တွင် ကေအိုင်အေတပ်မှ နောက်တစ်ကြိမ် လက်နက်ကြီးဖြင့် ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သတင်းရရှိပါတယ်။
ထို့အပြင် နေ့လည် ၂ နာရီခန့်မှာတော့ မန်တုံမြို့ စစ်ကောင်စီတပ်ရဲ့ ရဲစခန်းကိုလည်း ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်ကာ တပ်စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့တုန်းကလည်း စစ်ကြောင်း သုံးခုဖြင့် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၇၇)နဲ့ (၁၀၁) ပူးပေါင်းတပ်ကို ကေအိုင်အေတပ်ရင်း (၈) မှ ခုခံတိုက်ခိုက်မှုရှိခဲ့သလို ဆက်လက်ပြီးတော့ စစ်ရေးတိုးမြင့်မှုတွေ ပြုလုပ်နေတာကြောင့် တိုက်ပွဲပိုမိုပြင်းထန်စွာ ဖြစ်ပွားလာနိုင်ဖွယ်ရှိနေပြီး ထိုဒေသတွင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများကို ဖြတ်တောက်ထားခြင်း ခံနေရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအိုင်အေနယ်မြေဘက် စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာနေပြီး TNLA တပ်မျာအနေဖြင့်လည်း ကျေးရွာများအတွင်း လှုပ်ရှားသွားလာမှုတွေ ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလာမှာကို ဒေသခံများက စိုးရိမ်နေကြရပါတယ်။