မန်ဂျယ်ဒေသခံများရဲ့ မြေနေရာ မြန်မာစစ်တပ်က သိမ်းဆည်းဖို့ လုပ်ဆောင်နေမှုကို အစိုးရဆီစာပေးပို့မည်

မန်ဂျယ်ဒေသခံများ လုပ်ကိုင်စားသောက်နေတဲ့ လယ်ဧက (၆၁၀) ကျယ်ဝန်းတဲ့မြေနေရာကို အဲ့ဒီဒေသတွင်တပ်စွဲထားတဲ့ မြန်မာစစ်တပ် ခလရ (၆၀၁) တပ် နဲ့ ခလရ (၃၁၉) တပ်တို့ပူးပေါင်းပြီး သိမ်းဆည်းသွားဖို့ လုပ်ဆောင်နေမှုကို ဒေသခံများက အစိုးရဆီ အကူအညီတောင်းအကြောင်းကြားဖို့ လုပ်ဆောင်နေပါပြီ။

တရားဝင်အထောက်အထားများဖြင့် လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံများက ယခုမှရောက်ရှိလာတဲ့ မြန်မာစစ်တပ်အနေဖြင့် လုပ်ချင်တိုင်းလုပ်နေပြီး သိမ်းဆည်းဖို့ပြောဆိုလာတာကြောင့် မန်ဂျယ် ဂါးရာယန်၊ အင်ဘူကထောင်၊ နမ့်ဖွယ်ကျေးရွာစတဲ့ ဒေသခံများစုပေါင်းပြီး စာပေးဖို့သွားမှာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မြန်မာစစ်တပ်အနေဖြင့် တပ်နေရာတည်ဆောက်သွားဖို့ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့် သိမ်းဆည်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး စိုက်ပျိုးထားသောအရာများ ရုပ်သိမ်းပြီးချိန် ဖယ်ရှားကြဖို့ တွန်းအားပေးမှုတွေ ရှိနေကာ စပါးရိတ်သိမ်းပြီးချိန် ဝင်ရောက်ခြင်းမပြုတော့ပဲ အရေးယူမှာဖြစ်တယ်လို့ ပြောဆိုထားမှုတွေ ရှိနေပါတယ်။

အောက်တိုဘာ (၂၆) က ဒေသခံများနဲ့ အစိုးရတာဝန်ရှိသူများကို မြန်မာစစ်တပ်က ခေါ်ယူကာ မန်ဂျယ်မြို့ခန်းမတွင် တွေ့ဆုံမှုပြုလုပ်ပြီး ဒေသခံများကို လက်မှတ်ရေးထိုးဖို့ တွန်းအားပေးမှုတွေ ပြုလုပ်လာတာကြောင့် ဒေသခံများက မရေးထိုးပေးနိုင်သဖြင့် အချင်းများမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

Leave a Reply

*