မန်ဂျပ်ကုန်းတွင် KIA နဲ့ အာဏာသိမ်းစစ်တပ် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၃၆) နယ်မြေ မုံကိုးဒေသ ဒါ့လုံနဲ့ မန်ဂျပ်တောင်တဝိုက် ယနေ့ (ဇူလိုင် ၁၉) မနက် ၉ နာရီ ၅၀ မိနစ်ခန့်ကစတင်ပြီး အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေ ကြားနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် အာဏာသိမ်းစစ်တပ်အဖွဲ့က မန်ဂျပ်တောင်ဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာစဉ် ကေအိုင်အေဘက်မှ ကြားဖြတ်ခုခံတိုက်ခိုက်စဉ် နှစ်ဖက်တိုက်ပွဲပြင်းထန်တဲ့အထိ ဖြစ်ပွားနေခဲ့ပါတယ်။

“ဒီမနက် ၁၀ နာရီဝန်းကျင်ကစပြီး မန်ဂျပ်ကွင်းပြင်ကနေ မန်ဂျပ်တောင်ဘက် တက်သွားတဲ့ အဖွဲ့ကို ကေအိုင်အေက တောင်ကုန်းနားက စောင့်ကြိုပြီး ခုခံတိုက်ခိုက်လိုက်တာပါ” လို့ ရှေ့တန်းစခန်းမှ တာဝန်ရှိသူက ယခုလိုပြောပါတယ်။

ထိုအာဏာသိမ်းစစ်တပ်အဖွဲ့နဲ့ ဇူလိုင် ၁၈ ရက်နေ့တုန်းကတည်းက မော်တောင်၊ ဒါ့လုံဘက်ကနေ စစ်ရေးလှုပ်ရှားမှုဆက်တိုက် ပြုလုပ်နေတာဖြစ်ပြီး ယမန်နေ့တွင်လည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ ထိုဒေသတဝိုက် အာဏာသိမ်းစစ်တပ်အုပ်စုက စစ်ရေးလှုပ်ရှားမှု အစဉ်လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားဖို့ ရှိနေသေးကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

Leave a Reply

*