ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆)၊ တပ်ရင်း (၃၆) နယ်မြေဖြစ်တဲ့ မုံကိုးဒေသရှိ မန်ပျဉ်ကျေးရွာတွင် စစ်ပွဲကြောင့် တိမ်းရှောင်နေကြရတဲ့ မန်ကောင်းကျေးရွာသားများ စက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းမှာတော့ မိမိနေရပ်ပြန်နိုင်ပြီလို့ သိရှိရပါတယ်။
ကေအိုင်အေတပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားလာခြင်းကြောင့် ဒေသခံများ စိုးရိမ်သဖြင့် စစ်ပွဲရှောင်နေခဲ့တာဖြစ်ပြီး အစိုးရတပ်နေဖြင့်တော့ လက်ရှိအချိန်ထိ ကျေးရွာအနီးတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်မှုများတော့ ရှိနေပါသေးတယ်။
“စစ်ရေးပြုလုပ်တာကတော့ ဟိုဘက် မုံဘော်အနီးတဝိုက်မှာလည်း သူတို့လှုပ်ရှားမှုတွေလုပ်နေတယ် ပြီးတော့ ကျတော်တို့ရွာရဲ့ အနောက်ဘက်ခြမ်း ကွတ်ခိုင် မူဆယ် ကားလမ်းတစ်လျှောက်မှာလည်း စစ်ရေးလှုပ်ရှားနေကြတာပါပဲ” လို့ အစိုးရတပ်ရဲ့ လှုပ်ရှားမှုကို ဒေသခံတစ်ဦးကပြောပါတယ်။
လွန်ခဲ့သော စက်တင်ဘာ ၁၁ ရက်နေ့ကစပြီး တပ်မဟာ (၆)၊ တပ်ရင်း (၃၆) နယ်မြေဘက်ကို မြန်မာစစ်တပ်က စစ်ရေးအင်အားအလုံးအရင်းဖြင့် ချီတက်လာတာကြောင့် နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားပြီး စက်တင်ဘာ ၁၂ ရက်နေ့ မနက် မန်ကောင်းကျေးရွာအပေါ်ဘက်ခြမ်းတွင် တိုက်ပွဲများပြင်းထန်ခဲ့တာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။