မဂါးရန်စစ်ဘေးရှောင်စခန်းတွင်းရှိအချို့သော ပြည်သူများရဲ့ နေအိမ်များကယိုယွင်းပျက်စီးလာသောကြောင့် နေစရာ အခက်ခဲများရှိလာကြောင်း စခန်းတာဝန်ရှိသူမှ သိရပါတယ်။
မဂါးရန်စစ်ဘေးရှောင်စခန်းမှ အိမ်ရာများသည် ၂၀၁၁ ခုနှစ်ကတည်းက တည်ဆောက်ထားပြီး အချိန်ကြာမြင့်သည်နှင့်အမျှ ယိုယွင်းပျက်စီးလာသည်ကို စခန်းကူညီရေးအသင်းအဖွဲ့မှ အိမ်အချို့ကို ပြန်လည်မွန်းမှန်ပေးနေသော်လည်း အိမ်ခြေပေါင်း ၁၀၀ ခန့်ပြုပြင်ရန်ကျန်ရှိနေသေးသောကြောင့် နေစရာအခက်ခဲဖြစ်နေကြောင်း သိရှိရပါတယ်။
“မပြုပြင်ရသေးတဲ့ အိမ်တွေကဆွေးလာတယ်၊ တိုင်တွေမခိုင်တော့ဘူး၊ နံရံတွေပြဲလာတယ်၊ ဆိုတာမျိုးတွေတော့များကြီးပေါ့။ တချို့အိမ်ထောင်စုတွေက ကိုယ့်အားကိုယ်ကိုးပြီး ပြုပြင်လို့ရပေမယ့် အချို့အိမ်ထောင်စုတွေက အဲဒီလိုလုပ်နိုင်မယ့်သူတွေမရှိတော့ ခက်ခဲပါတယ်။ ကျနော်တို့စခန်းကော်မတီမှာလဲ ငွေကြေးပိုင်းဆိုင်ရာခက်ခဲနေတော့ အားပေးတာနဲ့ပညာပေးရုံကလွဲလို့ ဘာမှမကူညီနိုင်ပါဘူး” လို့ မဂါးရန်စစ်ဘေးရှောင်စခန်းမှူး ဦးဖောင်ဒါးနော်ဆိုင်ကပြောပါတယ်။
စစ်ဘေးရှောင်စခန်းအတွင်း နေရာထိုင်ခင်းခက်ခဲနေကြောင်းနှင့်ပတ်သက်၍ မဂါးရန်စစ်ဘေးရှောင်စခန်းကော်မတီဝင်များက စစ်ဘေးရှောင်ကူညီမှုအသင်းများ၊ KMSSS ကူညီမှုအသင်းအဖွဲ့ ထံကို တင်သွင်းအကူညီတောင်းထားကြောင်း သိရှိရပါတယ်။
အခုချိန် မဂါးရန်စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်အိမ်ထောင်စု ၄၄၁ စုရှိပြီး လူဦးရေ ၂၀၀၀ ကျော် နေထိုင်နေတာပဲ ဖြစ်ပါတယ်။