မဂါးယန်စစ်ဘေးရှောင်စခန်တွင်နေထိုင်နေတဲ့ စစ်ဘေးရှောင်ပြည်သူများ ကျန်းမာရေးအခြေအနေဆိုးရွားလာခြင်းကြောင့် မြို့ပေါ်ရှိဆေးရုံများကို သွားရောက်ရန်အတွက် သွားလာရေးခက်ခဲနေကြောင်း စစ်ဘေးရှောင်စခန်းမှ ကျန်းမာရေးဌာနဝန်ထမ်းများ ကပြောပါတယ်။
မဂါးယန်စစ်ဘေးရှောင်စခန်းအတွင်ရှိ ဆေးပေးခန်းတွင် ဆေးပစ္စည်းကိရိယာမစုံလင်ခြင်း၊ ဆရာဝန် ဆေးလုပ်သားများ မလုံလောက်ခြင်းများဖြစ်နေပြီး ကျန်းမာရေးအခြေအနေဆိုးရွားပြီး ဆေးပေးခန်းသို့ရောက်လာပါက ဆေးကုသပေးရန် အခက်အခဲများကြုံတွေ့နေရခြင်းကြောင့် ဆေးရုံကြီးဘက် ဆေးကုရန် လွှဲလိုက်သော်လည်း ခရီးသွားလာရေးအခက်အခဲသာမက ခရီးစရိတ်ကလည်း လိုင်ဇာဆေးရုံကြီးအထိ တရုတ်ငွေ ယွမ်၈၀၀ နှင့် ၁၀၀၀ကြား ရှိသောကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် အလွန်ခက်ခဲနေကြောင်းသိရှိရပါတယ်။
” ကျနော်တို့မှာက စစ်ဘေးရှောင်ဆေးပေးခန်းလေးဘဲဖြစ်နေတယ်၊ ကလေးတွေ အသည်းရောင်တာ၊ ကျောက်တည်တာ၊ ဝမ်းပျက်ဝမ်းလျှောဆိုးဆိုးရွားရွားဖြစ်တာတွေများတယ်။ လူကြီးတွေက သွေးတိုးရောဂါအခြေအနေဆိုးလာတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်များ ကလေးမမွေးနိုင်တဲ့အခြေအနေတွေနဲ့ရောက်လာရင်တော့ ဆေးရုံကြီးကိုလွှဲပေးရပါတယ်။ အဲဒီမှာ လမ်းကဝေးတာနဲ့ လမ်းစရိတ်ကလဲဈေးကြီးပါတယ်” လို့ မဂါးယန်စစ်ဘေးရှောင်စခန်းမှ ဆရာမ Myitung Sau Myaw ကပြောပါတယ်။
ယခုအချိန်မဂါးယန်စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ပြည်သူများ ၂၀၀၀ ကျော် နေထိုင်ပြီး လစဉ်လတိုင်းဆေးပေးခန်းရှိ ဆေးသောက်နေရသော သွေးတိုးရောဂါနှင့် ဆီးချိုရောဂါသည်များမှာ အယောက် ၃၀ ကျော်ရှိကြောင်းသိရှိရပါတယ်။