မဂါ့ယန်စစ်ဘေးရှောင်စခန်းတွင် ဆေးဝါးများလိုအပ်နေ

မဂါ့ယန်စစ်ဘေးရှောင်စခန်းအတွင်းရှိ ဆေးခန်းတွင် ဖျားနာသူများကို ဆေးကုသမှုပေးရာတွင်လိုအပ်တဲ့ ဆေးပစ္စည်းများ အလုံအလောက်မရှိ လျော့နည်းလာခြင်းကြောင့် လက်ရှိတွင်ဆေးဝါးအခက်ကြုံနေကြရပါတယ်။

စခန်းတွင် ဆေးပေးခန်းကို ဖွင့်လှစ်ထားနိုင်ပြီဖြစ်ပေမယ့် ဆိုးရွားတဲ့ဖျားနာသူတွေအတွက် ကုသပေးနိုင်ဖို့ ဆေးပစ္စည်းတွေစုံလင်မှုမရှိတာကြောင့် ကုသပေးဖို့မဖြစ်နိုင်နေကာ ကလေးမွေးဖွားရာတွင် အသုံးပြုတဲ့ပစ္စည်းများလည်း လိုအပ်နေတာပါ။

“စစ်ဘေးရှောင်စခန်းမှာ ဆေးပေးခန်းတော့ရပြီ ဒါ့ပေမယ့်ဆေးဘက်ဆိုင်ရာ ကရိယာတွေလိုအပ်နေသေးတယ်၊ ဒီမှာက ခက်ခဲတဲ့သူတွေပဲ စုပြီးနေထိုင်နေတာဆိုတော့ ကလေးမွေးဖွားတာတွေလုပ်နိုင်ပေမယ့် ကလေးအသားဝါ ဖြစ်လာရင် ကလေးအနွေးပေးတဲ့စက်မရှိတော့ လိုင်ဇာဘက်ကို ပြန်ပို့နေရတယ်” လို့ စခန်းအတွင်းရေးမှူး ဆရာဖောင်ဒါ့နော်ဆိုင်းကပြောပါတယ်။

မြို့ကြီးဘက် ဆေးကုသဖို့ ခရီးသွားလာရေးအခက်အခဲရှိတဲ့အပြင် လမ်းခရီးစရိတ်ကလည်း မဂါ့ယန်စစ်ဘေးရှောင်စခန်းကနေ လိုင်ဇာဆေးရုံကြီးအထိ တရုတ်ငွေ ယွမ် ၁၀၀၀ ကျော်ကျသင့်တာကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် အခက်တွေ့စေပါတယ်။

လက်ရှိတွင် မဂါ့ယန်စစ်ဘေးရှောင်စခန်းတွင် ပြည်သူ ၂၀၀၀ ကျော်မှီတင်းနေထိုင်နေတာဖြစ်ပြီး လစဉ်လတိုင်း သွေးတိုးဆီးချိုရောဂါကြောင့် ဆေးပေးရသူတွေကလည်း အယောက် ၃၀ ကျော်ရှိလာပြီဖြစ်ကြောင်း ဆေးပေးခန်းမှ သိရှိရပါတယ်။

Leave a Reply

*