ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါကျေးရွာအုပ်စု၊ ဘွမ်အောင်နန်ကျေးရွာရှိ ကေအိုင်အိုအစိုးရ လက်အောက်ရှိ မူလတန်းကျောင်းတွင် ကျောင်းသုံးပစ္စည်းများ အရေးတကြီးလိုအပ်မှု ရှိနေကြောင်း သိရပါတယ်။
အဆိုပါကျေးရွာက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်ကာ ကျောင်းသုံး စာအုပ်၊ ခဲတံများအပြင် ကျောင်းဆောင်လည်း ပြုပြင်ဖို့ လိုအပ်နေကြောင်း သိရပါတယ်။
“ကျောင်းဆောင်က သွပ်ပြားတွေလည်း အကုန်လုံးလှန်ကုန်တော့ ဖြစ်သလိုပြန်ပြုပြင်ပြီး စာသင်ကြားနေရတယ်၊ ကျောင်းသားတွေအတွက် ကျောင်းစာအုပ်၊ ခဲတံ ကအစ မပြည်မစုံဖြစ်နေတယ်၊ ဝယ်ယူသုံးစွဲဖို့ကလည်း မြို့နဲ့ဝေးသလို လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲလွန်းနေတယ်” လို့ ဆရာမတစ်ဦးကပြောပါတယ်။
ဘွမ်အောင်နန် ကျောင်းတွင် ကျောင်းသား ၄၁ ဦး ပညာသင်ကြားနေတာဖြစ်ပြီး ကျောင်းဆရာ ၆ ဦးက တာဝန်ယူကာ သင်ကြားပို့ချပေးနေပြီး မိုးတွင်းကာလကြောင့် ကျောင်းသားများရဲ့ ကျန်းမာရေးအခြေအနေကြောင့် ကျောင်းပျက်သူများပါ ရှိနေကြောင်း သိရပါတယ်။