ကျေးရွာတွင် စစ်မက်ဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် ဘွမ်ရာယန်ကျေးရွာဘက် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်အတွက် နေရာထိုင်ခင်း၊ စားသောက်ရေးနဲ့ ဆေးဝါးတွေ အမြန်လိုအပ်မှုတွေဖြစ်ပေါ်နေကြောင်း သိရပါတယ်။

မတ်လကပိုင်းတုန်းက တိမ်းရှောင်လာသူများဖြစ်ကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အပြင် ဖုန်းလိုင်းလည်းမရရှိတဲ့ နေရာဖြစ်တာကြောင့် အစားအသောက်အကူအညီတွေ ရောက်ရှိမှုမရှိကြောင်း ပြောပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူများက မိုးကာများဖြင့် သဲအိမ်တည်ဆောက်ကာ နေထိုင်နေခြင်းဖြစ်ပြီး လုံခြုံမှုမရှိတဲ့အပြင် အချို့က မိုးကာဖြင့်တည်ဆောက်ဖို့ပင်လျှင် ခက်ခဲနေကြရတာပါ။
“စစ်ပွဲကြောင့် ယခုလို ထွက်ပြေးတိမ်းရှောင်လာရတဲ့ ပြည်သူများကို ဝိုင်းဝန်းကူညီပေးကြရအောင် အားလုံးကခက်ခဲကြသူတွေကြီးပါပဲ စစ်ဘေးရှောင်ပြည်သူများကလည်း တော်လှန်ရေးခရီးကြမ်းမှာ လျှောက်လှမ်းနေကြသူများဖြစ်တာကြောင့် အားလုံးအတူတကွအားစိုက်ပြီး ကိုယ်တက်နိုင်တဲ့ဘက်ကနေ ကူညီကြရအောင်” လို့ တြိနိတိစစ်ဘေးရှောင်စခန်းတာဝန်ခံကပြောပါတယ်။
ကေအိုင်အေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားလာခြင်းကြောင့် အင်ဂျန်းယန်မြို့နယ်ရှိ ကျေးရွာများမှ ဘွမ်ရာယန်ကျေးရွာဘက် ထွက်ပြေးတိမ်းရှောင်လာတဲ့ အိမ်ထောင်စု (၂၀၀)၊ လူဦးရေ ၁၀၀၀ ဝန်းကျင် ရှိကာ ကျန်ရှိနေသေးတဲ့ အိမ်ထောင်စု (၂၀) ကလည်း တိမ်းရှောင်လာကြဖို့ရှိနေပါသေးတယ်။