ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ ကန်ပိုင်တီးမြို့ လမ်းပိုင်း ဘွမ်တောင် အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဩဂုတ်လ ၁၃ နေ့လည် ၁၂ နာရီခွဲခန့်တွင် ကေအိုင်အေတပ်ရင်း (၃) မှသွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ကေအိုင်အေတပ်မှ အလစ်ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုတွေ ရှိခဲ့ကာ အသေးစိတ်အချက်အလက် သိရှိရဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ဩဂုတ်လ ၂ ရက်နေ့ အင်ဝမ်ယန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်ပြီး စခန်းသိမ်းကာ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့အပြီး ဝိုင်းမော်တပ်စခန်း ခလရ (၅၈) တပ်မှ ထိုးစစ်ဆင်မှုတွေ ထပ်မံလှုပ်ရှားလာခြင်းကြောင့် ဘွမ်တောင်တွင် ၂ ကြိမ်မြောက်ထပ်မံ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပါတယ်။
ဝိုင်းမော်-ဆဒုံလမ်းပိုင်းတွင် ကေအိုင်အတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာကြောင့် အင်ဝမ်ယန်ကျေးရွာနဲ့ အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်ခြင်းကြောင့် တိမ်းရှောင်နေမှုတွေလည်း ရှိနေပါတယ်။
ဩဂုတ်လ ၁၁ ရက်နေ့ မှာတော့ ဖားကန့်မြို့နယ် တနိုင်း-လီဒိုလမ်း နောင်းမီကျေးရွာဟောင်း သင်္ဂျိုင်းနား မန်ဘန်ကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ ကျော်ပါဝင်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၂၉၈) တပ်ကို ကေအိုင်အေတပ်မဟာ (၂) တပ်ရင်း (၁၄) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ် အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် အဆိုပါနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ခိုမုံးနဲ့ ဟန်ကိုင်းကျေးရွာကြား စစ်ယာဉ်တန်းဖြင့် သွားလာနေတဲ့ အကြမ်းဖက် စစ်ကောင်စီ နမ့်ဖတ်ကာတပ်စခန်း ခလရ (၁၂၃) တပ်မှ ကား ၂ စီးဖြင့် ထွက်ခွာလာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ တပ်မ (၉၉)ကို ကေအိုင်အေ တပ်ရင်း (၉) မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။