ကေအင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းဒေသ အင်ဘာပါဇုန်နယ် ဘွမ်စစ် စစ်ဘေးရှောင်စခန်းရှိပြည်သူများက ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းဖြစ်ပွားနေတာကြောင့် ခရီးသွားလာမှုကန့်သတ်မှုတွေရှိနေခြင်းက သူတို့အတွက် အသက်မွေးဝမ်းကြောင်းပြုဖို့ လုပ်ငန်းဆောင်တာများမလုပ်ဆောင်နိုင်တာကြောင့် အခက်အခဲဖြင့် အများနည်းတူ ကြုံတွေ့နေကြရပါတယ်။
“လက်ရှိအချိန်က အလုပ်လည်း ဘယ်သူမှမခေါ်ဘူး လုပ်လည်းလုပ်လို့မရဘူးဖြစ်နေတော့ ကလေးရှိတဲ့သူတွေက အခက်ကြုံရတာပေါ့၊ စားဖို့သောက်ဖို့က လူမှုအဖွဲ့အစည်းတွေကနေ ကူညီနေတာကြောင့် သက်သာရာရပေမယ့် ကျောင်းတတ်နေတဲ့သူတွေရှိတဲ့ အိမ်ထောင်စုတွေကတော့ ပိုမိုအခက်တွေ့နေရတာပေါ့” လို့ စစ်ဘေးရှောင်စခန်းရှိ ဆရာလန်ဂျော်တူးအောင် ကပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်မှုတွေရှိနေပေမယ့် ဒီစစ်ဘေးရှောင်ပြည်သူများကတော့ နေရပ်ပြန်နိုင်ဖို့ မဖြစ်နိုင်သေးတဲ့အခြေအနေဖြစ်ကာ မိမိနေရပ်ပြန်ချိန် နေအိမ်တည်ဆောက်ခြင်း ကူညီမှုတွေ ဆက်လက်ပေးအပ်ခြင်းများအတွက် အစီအစဉ်တွင် ကျေးရွာ (၁၇) ရွာသတ်မှတ်ထားပေမယ့် ဘွမ်စစ် စစ်ဘေးရှောင်စခန်းရှိ ပြည်သူများကတော့ မပါသေးပါဘူး။
စခန်းရှိ စစ်ဘေးရှောင်ပြည်သူများက ရွှေဂူဒေသ ကိုင်ထိပ်ကျေးရွာကနေ ၂၀၁၁ တကျော့ပြန်စစ်ဖြစ်ပွားခြင်းကနေ တိမ်းရှောင်လာခဲ့ခြင်းဖြစ်ကာ အိမ်ထောင်စု (၃၀၀) ကျော် စခန်းတွင်း မှီခိုနေကြရပါတယ်။