ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state) နမ္မတူမြို့နယ် ဘော်တွင်း သတ္တုတူးဖော်ရေးအနီးတွင် ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၇ နာရီခန့်တွင် KIA, KPDF ပူးပေါင်းတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
သတ္တုတွင်းအနီး တပ်စွဲစခန်းချနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ရွာသားများပေါ် နိုင်ထက်စီးနင်း ရိက္ခာအဓမ္မတောင်းခံမှုတွေ ပြုလုပ်နေတာကြောင့် KIA, KPDF ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့ အသေးစိတ်အချက်အလက်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
နေ့လည် ၁၁ နာရီအထိ လက်နက်ကြီးပစ်ခတ်သံများကို ကြားခဲ့ရတာဖြစ်ပြီး နမ္မတူ ဗျူဟာကုန်းတပ်စခန်းကနေ တိုက်ပွဲဖြစ်ပွားရာနေရာဘက် လက်နက်ကြီးပစ်ကူပေးနေခဲ့တာ ကြားခဲ့ရကြောင်း ဒေသခံများကပြောပါတယ်။
ယမန်နေ့ မနက် ၆ နာရီခန့်မှာတော့ ကေအိုင်အေတပ်ရင်း (၃၄) နယ်မြေ ဆည်ကြီးရှိ အကြမ်းဖက် စစ်ကောင်စီ ခလရ (၂၅၇) တပ်စခန်းကို ကေအိုင်အေတပ်မှ လက်နက်ကြီးဖြင့် ၂ ကြိမ် ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။