ဘူးဂါးလျှပ်စစ်ဝင်းများကို စစ်သားများနေရာယူထားသည်ကို ပြည်သူများကန့်ကွက်

မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ်ရုံးတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ ၈ နာရီအချိန်ခန့်ကစပြီး တပ်မတော်စစ်သားများ ဝင်ရောက်နေရာယူနေတာကို အများပြည်သူများက မလိုလားတာကြောင့် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

Photo Credit to Original Uploader

စစ်သား ၅၀ ဦးခန့်က လျှပ်စစ်ရုံးကို နေရာယူနေတာကြောင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ လာရောက်ပြီး ဖြေရှင်းပေးမှုကြောင့် ည ၁၂ နာရီအချိန်မှာတော့ စစ်သားများ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

မြန်မာတပ်မတော်မှ စစ်သားများ ဘာအကြောင်းရင်းကြောင့် လျှပ်စစ်ရုံးကို နေရာယူရသလဲဆိုတာကို အတိအကျမသိရပေမယ့် လျှပ်စစ်ရုံးဝန်ထမ်းများအနေဖြင့် ရုံးမတက် ရုံးမသွားရေးလှုပ်ရှားမှုဖြစ်တဲ့ CDM တွင်ပါဝင်သလို အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတွေမှာလည်း ပါဝင်တာကြောင့် ဖမ်းဆီးဖို့လုပ်ဆောင်နေတဲ့အပြင် မြစ်ကြီးနားတဝိုက်ပေးနေတဲ့ လျှပ်စစ်မီးကို စစ်တပ်မှ ထိန်းချုပ်ချင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဒေသခံများက ယူဆထားပါတယ်။

“လျှပ်စစ်ရုံးကအစိုးရဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာပါဝင်တာကြောင့် လာဖမ်းတာတဲ့၊ လျှပ်စစ်ရုံးကိုလည်း သူတို့က ထိန်းချုပ်ချင်တာကြောင့်လည်း ဖြစ်နိုင်တယ်၊ လာရောက်ဝိုင်းရံတဲ့ပြည်သူတွေများလာတော့ သူတို့နောက်ဆုတ်သွားတာပါ” လို့ဒေသခံတစ်ဦးကပြောပါတယ်။

မြစ်ကြီးနားမြို့နဲ့အနီးတဝိုက်ကို လျှပ်စစ်ဓာတ်အားဖြန့်ချိပေးနေတဲ့ ဘူးဂါးလျှပ်စစ်က ကချင်လွတ်မြောက်ရေးအဖွဲ့ပိုင်ဆိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ရှိ လျှပ်စစ်ရုံး၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အသီးသီးတွင် နေရာယူထားတာကြောင့် ပြည်သူများက မီးဖြတ်တောက်လိုက်မည်ကို စိုးရိမ်စိတ်တွေဖြစ်ပေါ်နေရသလို လက်ရှိတွင် မန်ခရိန်၊ ဝိုင်းမော်၊ မိုင်းနားဓာတ်အားခွဲစက်ရုံများတွင် စစ်သားများ နေရာယူထားခြင်းမှ ထွက်ခွာသွားကြဖို့ ဒေသခံပြည်သူများက တောင်းဆိုနေကြပါတယ်။

Leave a Reply

*