ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ကထန်ကောင်းကျေးရွာနဲ့ ကိုက်ထိပ်ကျေးရွာကြားရှိ ဇော်ဘုံအိုရာဘွမ်ကျေးရွာတွင် ဇန်နဝါရီ ၂၅ ရက်ညနေပိုင်း ၂ နာရီခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၂၇) တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဘလောင်ဒိန်ဆာတွင် ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ ခလရ ၂၂၃ စစ်ကြောင်းက ကထန်ကောင်းဘက်မှ ကိုက်ထိပ်ဘက် စစ်ကြောင်းထိုးဖို့ ဇော်ဘုံအိုရာဘွမ်းလမ်းကြောင်းကနေ ဘူဒူဇာဖြင့် စစ်ရေးလှုပ်ရှား ဖြတ်သန်းလာစဉ် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့အပြီး နှစ်ဖက် ညနေပိုင်း ၅ နာရီအချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားအပြီး အကြမ်းဖက် စစ်ကောင်စီတပ်က တပ်ဆုတ်သွားခဲ့ရကာ ကထန်ကောင်းကျေးရွာနဲ့ ဇော်ဘုံကျေးရွာကြားတွင် ပြန်လည်တပ်စွဲနေရာယူနေပြီး ဇန်နဝါရီ ၂၆ ရက် ယနေ့ မနက်ပိုင်း ၁၀ နာရီခန့်တွင် အနီးဝန်းကျင်နေရာဘက် လက်နက်ကြီးများဖြင့် ရမ်သမ်းပစ်ခတ်နေခဲ့တာကြောင့် ဒေသခံပြည်သူများက တိုက်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်နေကြပါတယ်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၂၂၃ တပ်ဖွဲ့က ဂေ့ါငူရန်ကျေးရွာမှ ဘန်ဂေါ်ကျေးရွာအတဝိုက် စစ်ကြောင်းလှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ကာ ဇန်နဝါရီ ၁၈ ရက်နေ့တုန်းကလည်း နမ့်မားဇွပ်တွင် ကေအိုင်အေတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။