ဘရန်ရှောင်ကိုလွတ်ပေးပါ

မျက်နှာတွင် မီးစဖြင့်ထိုးထားသည့် ဒဏ်ရာများ၊ ဖူးယောင်နေသည့် မျက်နှာပြင်၊ တိရိစ္ဆာန်သဖွယ်ကြိုးနှင့်ဆွဲ ကာခေါ်လာသည့် ခင်ပွန်းဖြစ်သူ ဘရန်ရှောင်ကို မြင်လိုက်ရ၍ ဇနီးဖြစ်သူ မဇီးညွယ်  မေ့လဲသွားသည်။ ဇနီးဖြစ် သူသာမက ဂျန်မိုင်ကောင့် စစ်ပြေးဒုက္ခသည်စခန်းတခုလုံးလည်း ထိတ်လန့် ဝမ်းနည်းခြင်း များနှင့် လွမ်းခြုံသွားသည်။  ဘရန်ရှောင်ဖမ်းခံရပြီး နှစ်ရက်အကြာ ဇွန်လ ၁၉ ရက်တွင် ဒုက္ခသည်စခန်းသို့ ခြိမ်းခြောက်ပြသခဲ့သည်။ ပေါက်ကွဲ ၃ ဖြင့် ဇွန်လ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဂျန်မိုင်ကောင့် ဒုက္ခသည်စခန်းမှ ဘရန်ရှောင်ကို စရဖ နှင့် အမှတ် ၁ ရဲစခန်းမှ စခန်းမှူးတို့ကလာရောက် ဖမ်းဆီးသွားခဲ့သည်။

ကေအိုင်အေ မှ ဗိုလ်ကြီးအဖြစ် ၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ရတနာပုံသတင်းစာတွင် ဖော်ပြခြင်းခံရသူ ဝိုင်းမော်မြို့နယ် အင်ပွန်ကျေးရွာမှ စစ်ဘေးဒုက္ခသည် ဘရန်ရှောင်သည် နားလေးကာ ဗမာ စကားလည်း လည်ပတ်စွာ နားလည်တတ်ကျွမ်းခြင်းမရှိပါ။ ရွာတွင်နေခဲ့စဉ်ကလည်း ဇနီးဖြစ်သူ ဦးဆောင်မူနှင့် နေခဲ့ပြီး ကလေးအရွယ် သမီးငယ်နှစ်ဦး၏ ဖခင်လည်းဖြစ်သည်။ ၂၀၁၁ ဇူလိုင်လ ကတည်းကပင် ဒုက္ခသည် စခန်း တွင်ရောက်ရှိနေထိုင်လျက်ရှိပြီး နေထိုင်ခဲ့သည့် တနှစ်ပတ်လုံး စခန်းပြင်သို့နာရီနှင့် ချီကြာမြင့်စွာ ထွက်နေ ခြင်းမရှိသူဖြစ်သည်။ ဒုက္ခသည်စခန်းအနီးမှ နေအိမ်ခြံစည်းရိုးကာသည့်အချိန်တွင် နေ့စားတခေါက်သွားရောက် လုပ်ကိုင်သည်မှ လွဲ၍ပြင်ပသို့ထွက်ခွာခြင်းမရှိသူဖြစ်သည်။

“ အဲဒီဘရန်ရှောင်က ကေအိုင်အေ လုံးဝမဟုတ်ပါဘူး။ ပေါက်ကွဲစေတဲ့ ပစ္စည်းဆိုလို့ မီးခြစ်တောင်မရှိပါဘူး။ ဆေးလိပ်တောင်မသောက်ပါဘူး” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ Rev. ခလမ်ဆမ်ဆွန်က ပြောသည်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်သည် မြစ်ကြီးနားမြို့ပေါ်မှ ဒုက္ခသည်စခန်း ၁၈ ခုအနက်မှ ၁၃ ခုကိုတာဝန်ယူထားသည့် အဖွဲ့ဖြစ်သည်။

ဘရန်ရှောင်ကို စခန်းတွင်းမှ မတရားဝင်ရောက် ဖမ်းဆီးပြီးနောက်ပိုင်းတွင် အစိုးရ အာဏာသက်ရောက်သည့် နယ်မြေများတွင် စစ်ပြေးဒုက္ခသည်အဖြစ် လာရောက်ခိုလှုံသူများ အကြားတွင် လုံခြုံရေးနှင့်ပတ်သက်သည့် စိုးရိမ်မူများ အလွန်မြင့်တက်လာခဲ့သည်။ စခန်းတွင်းရှိ စကားဝိုင်းများ တွင် လုံခြုံရေးကိစ္စဆွေးနွေးမူများသည် ထိပ်ဆုံးမှ နေရာယူခဲ့ပြီး စခန်းမှပြန်လည်ထွက်ပြေးရန် ကြံစည်မူများ လည်းပေါ်ပေါက်ခဲ့သည်။ ဘရန်ရှောင်အဖမ်းခံရပြီးနောက် ၃ ရက်အကြာတွင် ကျွန်းပြင်သာ ဒုက္ခသည်စခန်းမှ မိသားစု ၄ စု စခန်းမှ ပျောက်ဆုံးသွားပြီး မည်သည့်နေရာတွင် ရောက်ရှိနေထိုင်နေသည်ကိုလည်း စုံစမ်းမရ သေးပေ။

စခန်းပြင်ပတွင်လည်း စစ်ပြေးဒုက္ခသည်များကို ကေအိုင်အေဖြစ် အမည်တပ်ကာ ဖမ်းဆီးမူများရှိပြီး မတရား နှိပ်စက်ကာ အတင်းဝန်ခံခိုင်းလေ့ရှိသည်။ ရွေစက် စခန်းမှ ဒုက္ခသည်တဦးသည်လည်း နှိပ်စက်မူများကို မခံနိုင်ပဲ ကေအိုင်အေအဖြစ် ဝန်ခံခဲ့သဖြင့် တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်ကိုခံနေရပြီဖြစ်သည်။ ၂၀၁၂ ဇွန်လ ၂၃ ရက်နေ့ထုတ် ရတနာပုံသတင်းစာတွင် ကေအိုင်အေတပ်သားများအဖြစ်နှင့် ဖမ်းဆီးခံရသူလေးဦးသည် နွားမောင်းရန်အတွက် ဒုက္ခသည်စခန်းမှ ငွေငါးသောင်းနှင့် ဌားရမ်းထားသူများဖြစ်သည်။ ရောင်းချရန်နွားများကို မောင်းနှင်လာစဉ် ဗမာစစ်တပ်နှင့် ထိပ်တိုက်ဆုံခဲပြီး ဗမာစစ်တပ်က ငွေကျပ် သိန်းနှစ်ဆယ် တောင်းခံခဲ့ရာ နွားပိုင်ရှင်က ငွေကျပ် ၁၂ သိန်းပေးကာ လွတ်မြောက်သွားသော်လည်း ဒုက္ခသည်များမှာ ပေးရန် ငွေကြေး မရှိသဖြင့် ကေအိုင်အေတပ်သားများအဖြစ် အမှတ်စဉ်နှင့်တကွ သတင်းစာတွင်ဖော်ပြခြင်း ခံခဲ့ရသည်။ ယင်း ရွာသားလေးဦးသည် ဘရန်ရှောင်နှင့်တရွာတည်းသားဖြစ်ပြီး နောက်ဆက်တွဲအဖြစ် ဘရန်ရှောင်ကို လာရောက် ဖမ်းဆီးခြင်းဖြစ်သည်။

ဖမ်းသွားသည့်နောက် ၄ ရက်အကြာတွင် ကချင်ပြည်နယ်ရှိ သာသနာနယ်မြေ ၁၅ ခုလုံးမှ သာသနာပိုင်ဆရာ ၄၈ ဦးစလုံးလက်မှတ်ဖြင့် ဘရန်ရှောင်သည် ကေအိုင်အေမဟုတ်ကြောင်း၊ လုံးဝအာမခံကြောင်း လက်မှတ်ရေးထိုးပေးပို့ခဲ့သည်။

ဖမ်းသွားသည့် ၁၇ ရက်မှစပြီးရုံးထုတ်သည့်နေ့ ၂၈ ရက်နေ့ထိ မိသားစု၊ ရှေ့နေများနှင့် လုံးဝ တွေ့ခွင့်မရဘဲ တရားရုံးထုတ်သည့် နေ့တွင် ဖူးယောင်နေသည့်မျက်နှာ၊ တုန်တုန်ရီရီနှင့် ထိတ်လန့်နေသည့် ဘရန်ရှောင်ကို ဖြောင့်ချက်ပေးရန် ရဲသား ၁၀ ဦးခြံရံကာ မြစ်ကြီးနားမြို့နယ်တရားရုံးသို့ ရုံးထုတ်ခဲ့သည်။ ရုံးထုတ်သည့်နေ့ တွင် နှိပ်စက်ရာမှ လက်လွန်သွားသည့် အမာရွတ်များနှင့် တုန်ရီခြောက်ခြားနေသည့်ဘရန်ရှောင် မျက်နှာအမူအယာများကြောင့်  တရားသူကြီးက မေးမြန်းခဲ့ရာ ဆိုင်ကယ်မှောက်သည်ဟု ဖြေခဲ့သော်လည်း သွေးပျက်နေသည့် အမူအရာ ကြောင့် အကျီချွတ်စစ်ဆေးခဲ့ရာမှ ခန္ဓာကိုယ်တွင် တိတ်နှင့်တွဲပတ်ထားသည့် အသံဖမ်းစက်ကို တွေ့ခဲ့သဖြင့်  ဖြောင့်ချက်ယူသည့် တရားခွင်ကို ရပ်နားခဲ့သည်။

ဖမ်းဆီးစဉ်က ပေါက်ကွဲ ၃ နှင့်ဖမ်းဆီးခဲ့ပြီးရုံးတင်သည့် အချိန်တွင် ၁၇/၁ ဖြစ်ခဲ့သည်။ သတင်းစာတွင် ဖော်ပြစဉ် ကဗိုလ်ကြီးအဖြစ်နှင့် ဖော်ပြခဲ့ပြီး တရားရုံးတွင်တော့ တပ်ကြပ်အဖြစ်လျော့ကျသွားခဲ့သည်။

ဘရန်ရှောင်၏ ထိတ်လန့်ဖွယ်အဖြစ်များသည် လွန်ခဲ့သည့်ကာလများတွင် ဖြစ်ရိုးဖြစ်စဉ်တခုကဲ့သို့ဖြစ်နေခဲ့ ပြီး နိုင်ငံရေးအသိအမြင်ပိုမိုတိုးတက်လာသည့် သူများကြောင့် ပြင်ပသို့သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အာဏာ ရအစိုးရ နေရာသို့ ထွက်ပြေးလာသည့် ကချင်လူမျိုးများအတွက် ဘရန်ရှောင်အဖြစ်သည် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်ပြီး နောင်တွင် စခန်းတာဝန်ရှိသူများသို့ ငါတို့ကိုနယ်စပ်မပို့လို့ ဒီလိုဖြစ်ရတယ် ဟူသောအပြစ်တင်မူများ အကြီးအကျယ်ပေါ်ပေါက်လာနိုင်သည့်အပြင် ဒုက္ခသည်များအတွက် ညအခါ အိပ်ပျက်စေသည့် အရေးအရာ ဖြစ်သည်။ လက်ရှိ အစိုးရလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဆောင်ရွက်မူများ အတွက် အမဲစက်ဖြစ်သည်။ အယုံအကြည်မဲ့စေသည့် ညဏ်မရှိသည့် သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်သည်။ စစ်ဘေး၊ ရေကြီး၊ ပညာရေးလူမူရေး အသီးသီးနိမ့်ကျရသည့်ထဲတွင် ရန်သူမျိုးငါးပါးမှ တပါးအပါဝင် အုပ်ချုပ်မင်းလုပ်သူ၏ နှိပ်စက်ခြင်းကိုလည်းခံရသူ ကချင်များအတွက် ဘရန်ရှောင်အရေးသည် မပဋာအောက်မလျော့သည့် သောကကိုဖြစ်စေသည်။ လက်ရှိအချိန်တွင် ဘရန်ရှောင်အရေးသည် ဗမာအစိုးရ အာဏာသက်ရောက်နေသည့် ကချင်ပြည်နယ်နေရာတိုင်းမှ ဒုက္ခသည်များစောင့်ကြည့်နေသည့် အရေးဖြစ်နေသည်။ ဘရန်ရှောင် နှိပ်စက်ခြင်းမှ လွတ်မြောက်ရေးသည် ဒုက္ခသည်အားလုံးနှင့်ဆိုင်သည်။ ဘရန်ရှောင် မိမိနေရပ် သို့ အကောင်းအတိုင်းပြန်ရောက်လာရေးသည်လည်း ဒုက္ခသည်များ အားလုံးအရေးဖြစ်သည်။ ဘရန်ရှောင်ကို နှိပ်စက်ရန်လုပ်ခြင်းသည် ဒုက္ခသည်တရပ်လုံးကို နှိပ်စက်ရန်လုပ်ခြိမ်းခြောက်ခြင်းဖြစ်သည်။ စစ်ဘေးဒုက္ခသည်ဟုပင် အမည်တပ်ခံရခြင်းမရှိသည့် လုံခြုံရေးကြောင့် တိမ်းရှောင်လာကြသူများဟု ဆိုသည်အထိ စကားလုံးဖြင့် နှိပ်စက်ခြင်းခံရသူများကို စိတ်အားငယ်စေခြင်း၊ ခြိမ်းခြောက်အင်အားပြခြင်းမျိုးသည် နိုဘယ်ဆုမှန်းသည့် သမ္မတလက်ထက်တွင် မဖြစ်သင့်သည့် အရေးအရာ များဖြစ်သည်။

လက်ရှိအချိန်ထိ မရေရာသေးသည့် ဘရန်ရှောင်အနာဂတ်အတွက် ဘဝတူဒုက္ခသည်များနှင့် မြစ်ကြီးနား မြို့ပေါ်နေပြည်သူများက ဘရန်ရှောင်ပြန်လည်လွတ်မြောက်လာရေး၊ ဒုက္ခသည်များလုံခြုံရေးနှင့် ပတ်သက် ပြီးစုပေါင်း အင်အားပြကြတော့မည်ဖြစ်သည်။ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးစသည့် အချက် ၅ ချက်တွင် ပထမဆုံး အချက်နေနှင့် ဘရန်ရှောင်ကိုလွတ်ပေးရန်အတွက် တောင်းဆိုသွားမည့် ဆန္ဓထုတ်ဖော်ပွဲကို ဇူလိုင်လ ၆ ရက်နေ့တွင် ပြုလုပ်သွားရန်အတွက် ဥပဒေနှင့်အညီ ၂၉ ရက်နေ့တွင်စာတင်ထားသည်။ အစိုးရ အစဉ်အဆက် ရွ့ံကြောက်ခဲ့သည့် လူထုအင်အားစုရုံးပွဲကြီး မဖြစ်စေရန်အတွက် အစိုးရဘက်တော် သားများက အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ စစ်ဘေးကြောင့် ဒုက္ခရောက် စိတ်အားငယ်သူများအတွက် လုံခြုံရေး၊ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များချောမွေ့စေရေး၊ ဂွတ်ဂါးဗားမင့် ကလင်းဂါးဗားမင့် အဖြစ်နာမည်ယူလိုပါက ဘရန်ရှောင်ကိုလွတ်ပေးပါ။ ဘရန်ရှောင်ကို လွတ်ပေးခြင်းသည် ဒုက္ခသည်များ၏ အစိုးရပေါ်ထားသည့် သံသယများကို ဖျောက်ရန်အတွက် အကောင်းဆုံးနည်းဖြစ်ပါသည်။ ဘရန်ရှောင်ကို လွတ်ပေးပါ။

ဘရန်ရှောင် ဟူသောအမည်သည် ကချင်လူမျိုးတို့၏ သားကြီးသြရသ အတော်များများကို မှည့်ခေါ်သည့် အမည်ဖြစ်သည်။ ဘရန်ရှောင်အမည်နှင့် ကချင်လူမျိုးသားဦးများကို ကချင်ပြည်နယ်တနံတလျားတွင်သာမက ကချင်လူမျိုးများရှိရာ အရပ်တိုင်းတွင် အမြောက်အများရှိသည်ကိုတွေ့ရမည်ဖြစ်သည်။

Leave a Reply

*