ဗမာ/မြန်မာနိုင်ငံ၏ တိုင်းရင်းသားပြည်နယ်များ၌ဖြစ်ပွားနေသော ပြည်တွင်းစစ်၏ ရေသောက်မြစ်

လက်ရှိချိန်ထိ မြန်မာနိုင်ငံ၏ တိုင်းရင်းသားပြည်နယ်များတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များကြား ဖြစ်ပွားနေသည့် စစ်ပွဲများသည် နှစ်ပေါင်း (၇၀) ကျော်လာပြီဖြစ်သည်။ သို့သော်၊ စစ်ပွဲများ ချုပ်ငြိမ်းသွားမည့်လမ်းစသည် ပို၍ပင်ဝေးကွာလာနေသည်ဟု သုံးသပ်ရမည်ဖြစ်သည်။ ဥပမာ၊ စစ်အစိုးရလက်ထက် ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေဖြင့် ၂၀၁၁ ခုနှစ်တွင် တက်လာသည့် ဗိုလ်ချုပ် တစ်ဖြစ်လဲ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တပ်မတော် နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သည့် KIA   တို့ကြား ကြီးမားသည့်စစ်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ တိုက်ပွဲများ ယနေ့ချိန်ထိရပ်တန့်မသွားပေ။ ဤတိုက်ပွဲများကြောင့်၊ ၁၉၉၄ ခုနှစ်တွင် အာဏာသိမ်း စစ်အစိုးရ နှင့် KIO အကြား လက်မှတ်ရေးထိုးကာ အပစ်အခတ်ရပ်စဲနိုင်ခဲ့သော ငြိမ်းချမ်းရေးသည်လည်း ပျက်ပြယ်ခဲ့ရသည်။ ၄င်းစစ်ပွဲများကြောင့် ကချင် နှင့် ရှမ်းပြည်နယ်ရှိ ထောင်ပေါင်းများစွာသော ပြည်သူများ၊ အထူးသဖြင့် ကချင်ပြည်သူများ စစ်ဘေးမှလွှတ်ကင်းရန်ထွက်ပြေးသိမ်းရှောင် ခဲ့ရပြီး၊ ရာနှင့်ချီသည့် ရွာများပျက်စီးခဲ့ရသည်မှာ ယခုဆိုလျှင် (၉) နှစ်ပြည့်သွားပြီဖြစ်သည်။

ထိုနည်းတူ၊ တပ်မတော်သည် ရှမ်းပြည်မြောက်ပိုင်းတွင်းရှိ တအောင်း (ပလောင်) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ဖြစ်သည့် TNLA နှင့် ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်သော MNDAA များနှင့်လည်း စစ်ပွဲများ မကြာကြာ ဖြစ်ပွားလျက်ရှိသည်။ ၂၀၁၅ ခုနှစ် မှ ယခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရလက်ထက်တွင်လည်း စစ်ပွဲများ ရပ်တန့်သွားခြင်းမရှိခဲ့။ အထူးသဖြင့် လက်ရှိချိန်တွင် ရခိုင်ပြည်နယ်၌ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖြစ်သည့် AA နှင့် တပ်မတော်ကြား စစ်ပွဲများပြင်းထန်လျက်ရှိရာ၊ မြောက်များစွာသော ရခိုင်ပြည်သူများ သေကျေပြီး၊ ထောင်းပေါင်းများစွာ စစ်ဘေးသင့်ကာ ဆင်းရဲဒုက္ခဝေနေကြရသည်။

တစ်ဘက်တွင်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ နှင့် တပ်မတော်/အစိုးကြား၏ ငြိမ်းချမ်းရေးဖြစ်စဥ်ကိုကြည့်လျှင်၊ ဦသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အချို့ နှင့် တပ်မတော်အပါအဝင် အစိုးရ တို့ကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ဖြစ်သော NCA ကိုလက်မှတ်ရေးထိုးကာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို စတင်ကျင်းပခဲ့သည့်။ သို့သော်၊ နိုင်ငံ၏မြောက်ပိုင်း၌ အခြေချထားသော KIA၊ TNLA၊ AA နှင့် MNDAA တို့အနေဖြင့် နိုင်ငံရေးအရ အရေးကြီးသည့်ပြင်ဆင်မှု များစွာလိုအပ်နေသေးသော NCA အားပြင်ဆင်မှုများပြုလုပ်နိုင်ရန် ညှိုနှိုင်း၍ မရနိုင်သောကြောင့် ယနေ့ချိန်ထိ ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိချေ။

NLD အစိုးရဖြစ်မလာခင်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် NCA ကိုလက်မှတ်ထိုးရန် အစောတလျှင် မလုပ်သင့်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော်၊  သူမဦးဆောင်သည့် NLD အစိုးရတက်လာနိုင်သည့်အချိန်တွင်  ဦးသိန်းစိန်အစိုးရလက်ထက်တွင် စတင်ခဲ့သော NCA ကို အခြေခံသည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုပင် ၂၁ ရာစု-ပင်လုံညီလာခံအဖြစ် အမည်နာမ ပြောင်းလဲကျင်းပခဲ့ရာ၊ စုစုပေါင်း (၃)ကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။ ဤကြားထဲရွေးကောက်ပွဲမတိုင်မှီ (၄) ကြိမ်မြောက်ကျင်းရန် ကတိုက်ကရိုက် ပြင်ဆင်နေသည်ဟုလည်း ကြားသိနေရသည်။ သို့သော်၊ စိတ်ပျက်ဖွယ်ရာကောင်းသည်မှာ၊ အစိုးရတပ်မတော်သည် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များဖြစ်ကြသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် စစ်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွားနေသေးသည်။ ထို့ကြောင့်၊ မြန်မာနိုင်ငံ၌ အစိုးရတပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များကြား နှစ်ပေါင်း (၇၀) ကျော်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲများအား ထဲထဲဝင်ဝင် ကောက်ကြောင်းလိုက်နိုင်ရန် အောက်ပါမေးခွန်းများကိုမဖြစ်မနေဖြေဆိုရမည်ဖြစ်သည်။

(၁) ဤစစ်ပွဲများမည်သို့စတင်ကာ၊ အဘယ့်ကြောင့်ဖြစ်ပွားနေရသနည်း?

(၂) ဤစစ်ပွဲများအဘယ့်ကြောင့် ကျန့်ကြာနေရသနည်း? 

(၃) မည်သူများ၌ တာဝန်အရှိဆုံးနည်း?

 

(၁) ဤစစ်ပွဲများ အဘယ့်ကြောင့်ဖြစ်ပွားနေရသနည်း?

တစ်ချိန်က မိမိနယ်မြေများတွင်း မိမိယဥ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းစဥ်လာဖြင့် မိမိရိုးရာအုပ်ချုပ်ပုံဖြင့်  သီးခြားလွတ်လပ်စွာနေခဲ့ကြသည့် ကချင်၊ ချင်း၊ ကရင်၊ ရှမ်း၊ ကရင်နီ နှင့် အခြားတောင်ပေါ်နေလူမျိုးများ၏ တောင်တန်းဒေသများ နှင့် ဗမာဘုရင်များအုပ်ချုပ်ခဲ့သော ပြည်မ တို့သည် သီးခြား လွတ်လပ်စွာ တည်ရှိခဲ့ကြသည်။ ဥပမာ၊ ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်ကိုလိုနီသည် သီပေါမင်းကိုဖြုတ်ချပြီး ဗမာရှင်ဘုရင်များအုပ်စိုးခဲ့သော ပြည်မ ကိုသိမ်းပိုက်ခဲ့သည် (မွန် နှင့် ရခိုင်တို့၏ နယ်မြေများသည် အင်္ဂလိပ်မရောက်ခင် ကတည်းက ဗမာဘုရင်များ၏ အုပ်ချုပ်မှုအောက် ရောက်နှင့်နေပြီးဖြစ်သည်)။ အင်္ဂလိပ် သည် ကချင် ဒေသအားလုံးကို ၁၉၂၀ ဝန်းကျင်ထိ၊ အနှစ် ၃၀ နီးပါး ဆက်လက်တိုက်ယူခဲ့ရသည်။ ထို့ကြောင့်၊ ကချင်များသည် အင်္ဂလိပ်ကိုလိုနီ ရောက်ရှိလာချိန်ထိ ကချင် ဒူဝါ နှင့် ဆလန်များ ဦးဆောင်သည့် ပဒေသရစ်ဆန်ဆန် စနစ်ဖြင့် နေခဲ့ကြသော တောင်ပေါ် နေလူမျိုးဖြစ်သည်။ တနည်းပြောရလျှင်၊ ကချင်များသည် ဗမာများ နှင့် အုပ်ချုပ်မှု၊ နေထိုင်စားသောက်မှု၊ ဒေသ နှင့် ယဥ်ကျေးမှု မတူကွဲပြားသော်လည်း ကိုယ်ပိုင်တည်ထောင်ထားသောနယ်မြေများတွင် ကိုယ့်စနစ်၊ ကိုယ့်ယဥ်ကျေးမှု နှင့် နေထိုင်သော လူမျိုး ဖြစ်ကြသည်။ ထို့ကြောင့်၊ အင်္ဂလိပ်ကိုလိုနီလက်ထက်တွင် ကချင်နယ်မြေများကို စတင်အုပ်ချုပ်ရန် “Kachin Hill Tribes Regulations (1895)” ဥပဒေကိုသီးခြားပြငြာန်းကာ ကချင်များ၏ ရိုးရာယဥ်ကျေးမှု၊ နယ်မြေ နှင့် လူမျိုးများအား အထိအသျှမရှိ လူမျိုးကြီးဆန်ဆန် အုပ်ချုပ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်၊ ထိုဥပဒေသည် နိုင်ငံရေးအရ အင်္ဂလိပ်အာဏာပိုင်များ ချုပ်ကိုင်ထားသော်လည်း ကချင်များ၏ နယ်မြေပိုင်ဆိုင်မှု နှင့် ရိုးရာယဥ်ကျေးမှုအပါအဝင် နဂို စနစ်အားလုံးကို ထိုဥပဒေတွင် တရားဝင်အသိအမှတ်ပြုပေးခဲ့သောကြောင့်ဖြစ်၏။ ချင်း၊ ရှမ်း နှင့် ကရင်နီ နယ်မြေများသည်လည်း ထိုနည်းတူပင်။

ယင်းသို့ဖြင့် အင်္ဂလိပ်လက်အောက် နှစ်ပေါင်းများစွာနေခဲ့ကြရပြီးနောက်၊ ၁၉၄၁ ခုနှစ်တွင် သခင်အောင်ဆန်း အမှူးပြုသည့် ရဲဘော်သုံးကျိတ်သည် ဂျပန်၌ စစ်ပညာသင်ယူပြီး မြန်မာ့လွတ်လပ်ရေးတပ်မတော်ကိုစတင်တည်ထောင်ကာ အင်္ဂလိပ်အား ဂျပန်နှင့်အတူ လက်နက်ကိုင်တော်လှန် တိုက်ခိုက်ခဲ့သည်။ အင်္ဂလိပ်တို့သည်လည်း ၁၉၄၂ ခုနှစ် တွင် ဆုတ်ခွာပေးခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ၁၉၄၂ ခုနှစ် မှ ၁၉၄၅ ခုနှစ် အစောပိုင်းချိန်ထိ ဂျပန်တို့၏ရွှေရည်စိမ် လွတ်လပ်ရေးဖြင့် နှစ်သိမ့်ခဲ့ကြလေသည်။  ဒုတိတကမ္ဘာစစ်အတွင်း အင်္ဂလိပ် နှင့် အမေရိကန်မဟာမိတ်တပ်များသည် မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်ကာ ကချင်၊ ချင်း၊ ကရင် နှင့် အခြား တောင်ပေါ်နေလူမျိုးများဖြင့် တပ်ရင်းများပြန်လည်ဖွဲ့စည်းကာ ဂျပန်ကိုချေမှုန်းရန် မဟာဗျူဟာကို စတင်အကောင်အထည်ဖော်ခဲ့သည်။ ဥပမာ၊ ကချင် နှင့် ရှမ်းပြည်နယ်များတွင် အမေရိကန် ကချင်ရိန်းဂျားတပ်များ နှင့် ဗြိတိသျှ ကချင် လေဝိတပ်များသည် ၁၉၄၅ ခုနှစ် တွင် ဂျပန်ကို အပြီးတိုက်ထုတ်ကာ မတ်လ (၂၄-၂၆) ရက်နေ့ တွင် ဂျပန်ကိုအောင်နိုင်သည့် အထိမ်းအမှတ် မနောင်ပွဲကို မန်မော် (ဗမာအခေါ် ဗန်းမော်) မြို့နယ် ဇင်လွမ် (ဗမာ အခေါ် စိန်လုံ) တွင်ကျင်းပပြီးဖြစ်သည်။ သို့သော် ဗမာပြည်မတွင် ဗိုလ်ချုပ် ဗထူးဦးဆောင်ကာ ၁၉၄၅ ခုနှစ် မတ်လ (၂၇) ရက်နေ့၌ ဖက်ဆစ်ဆန့်ကျင်ရေး နှင့် ပြည်သူ့လွတ်မြောက်ရေး (ဖဆပလ) ဟူသည့် ကျွေးကျော်သံဖြင့် ဂျပန်ကို တရားဝင်စတင်တော်လှန်ခဲ့သည်။ ထို့ကြောင့် ထိုနေ့ကို တပ်မတော်နေ့အဖြစ်သပ်မှတ်ကာကျင်းပခဲ့သည်မှာ ယနေ့ချိန်ထိဖြစ်သည်။

၁၉၄၆ ခုနှစ်မှ ၁၉၄၇ ခုနှစ်အတွင်း ဤနိုင်ငံ၏ လွှတ်လပ်ရေးဖြစ်စဥ်တစ်လျှောက် တောင်တန်းဒေသ လူမျိုးများဖြစ်ကြသော ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်ကိုယ်စားလှယ်များ နှင့် ပြည်မကိုကိုယ်စားပြုသည့် ဦးအောင်ဆန်း ဦးဆောင်သော ဖဆပလအစိုးရ (လက်တွေ့အုပ်ချုပ်သည့် အစိုးရမဟုတ်သေးသော်လည်း အသိအမှတ်ပြုခံထားရသည့်အစိုးရ) တို့အကြား ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့သော ပင်လုံညီလာခံ နှင့် မေမြို့ စစ်တမ်း (၁၉၄၇ ခုနှစ် တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်/ကိုယ်စားလှယ်များကို ဗမာပြည်မ နှင့် လွှတ်လပ်ရေးအတူရယူရန် ဆန္ဒသဘောထား ကောက်ယူသည့် စစ်တမ်း) အပါအဝင် တွေ့ဆုံဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးမှုများ၏ နိုင်ငံရေးသဘောတူညီမှုများကို အတိုပြောရလျှင်၊ တောင်တန်းဒေသ တိုင်းရင်းသားလူမျိုးများ နှင့် ဗမာ/မြန်မာပြည်မအကြား နိုင်ငံရေးတန်းတူညီမျှမှုကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရန် သဘောတူ၍ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို အတူတကွ ရယူခဲ့ကြသည်။ 

သို့သော်လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်၊ တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှုများကို ၄င်းတို့နေထိုင်ရာဒေသ အလိုက်ပိုမိုဖွံ့ဖြိုးအောင် တိုင်းပြည် ဘဏ္ဏာ ဖြင့် ဗမာ/မြန်မာစာ၊ ဗမာ/မြန်မာစကား နှင့် ဗမာ/မြန်မာယဉ်ကျေးမှုများကဲ့သို့ လိုက်လျှောညီထွေစွာ အကောင်အထည်ဖော်ရမည့်အစား၊ ဤနိုင်ငံ၏ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သော ဗမာ/မြန်မာလူမျိုးများ၏ ဗမာ/မြန်မာစာ၊ ဗမာ/မြန်မာစကား နဲ့ ဗမာ့/မြန်မာ့ယဉ်ကျေးမှု များ ကိုသာလျှင် ရည်ရွယ်ချက်ရှိရှိ အစိုးရကျောင်းများတွင်တစ်မျိုး၊ တိုင်းရင်းသား တောင်ပေါ်ဒေသ အနှံ့ ယခင် ဦးနေဝင်းဦးဆောင်သည့် မဆလခေတ် တွင် ‘အသုံးလုံး’ ပုံစံတစ်သွယ်၊ ယခု ခေတ်တွင် နယ်တက္ကသိုလ်များ မှ လုပ်အားပေး ဗမာ/မြန်မာဆရာ/ဆရာမ များ နှင့် လုပ်အားပေး ဗမာ/မြန်မာ ကျောင်းသူ/ကျောင်းသားများ ဦးဆောင်ကာ ဗမာမှုပြု နိုင်ဖို့ရန်အလှို့ဋ္ဌာ ကြိုးစားပန်စား တောင်ပေါ်ဒေသရှိ တိုင်းရင်းသားလူငယ်များမှသည်သက်ကြီးများပါမကျန် ဗမာ/မြန်မာစာကို နွေရာသီသင်တန်း အဖြစ် သွား ရောက်သင်ကြားပေးခြင်းဖြင့်တကြောင်း နည်းလမ်းပေါင်းစုံဖြင့် လွတ်လပ်ရေးရပြီးကတည်းက ယခုချိန်ထိ နိုင်ငံရေးအာဏာကိုချုပ်ကိုင်သည့် ဗမာနိုင်ငံရေးခေါင်းဆောင်များ ပုံစံအမျိုးမျိုးဖြင့် အကောင်ထည်ဖော်ခဲ့သည်။

ထို့ပြင် ဗမာ့/မြန်မာ့ယဉ်ကျေးမှုကို တိုင်းရင်းသားဒေသများရှိ သယံဇာတများ မှ ရရှိသည့် ငွေကြေးများအပါအဝင် နိုင်ငံတော် ဘဏ္ဏာများမှ ဘတ်ဂျက်များဖြင့် တိုင်းရင်းသားဒေသအနှံ့ ‘ဆို’ ‘က’ ‘ ရေး’ ‘တီး’ ကျောင်း များဖွင့်လစ်ကာ အရှိန်အဟုန်ဖြင့် ပြည်နယ်ရှိအခြားတိုင်းရင်းသားများအား ဝါးမျိုနေခြင်းကို သိသိသာသာတွေ့ မြင်နိုင်သည်။ ဗမာ/မြန်မာလူမျိုးများသည် “ဗုဒ္ဓဘာသာ ဗမာ/မြန်မာလူမျိုး” ဟူသောဝေါဟာရကို ၄င်းတို့ လူမျိုးများ၏ ဝိသေသ အဖြစ် ဂုဏ်ယူသည့်နည်းတူ “ဗမာ/မြန်မာ” ဆိုလျှင် “ဗုဒ္ဓဘာသာ” ဖြစ်ရမည်ဆိုသည့် ခံယူချက်အပြည့်ရှိသူများ ဖြစ်ကြသည်ကို ယနေ့ ဗမာ/မြန်မာ နိုင်ငံတွင်ဖြစ်ပျက်နေသည့် အစိုးရအပါအဝင် နိုင်ငံရေး နှင့် ဗမာ့လူ့အဖွဲ့အစည်းများကို ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် သိမြင်နိုင်သည်။ 

ထို့ကြောင့် မြန်မာနိုင်ငံ၏ အစိုးရတပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များကြား လက်ရှိချိန်ထိ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်  မငြိမ်းချမ်းသည့်အကြောင်းကို အရှိတရားအပေါ် အသေအချာ ထဲထဲဝင်ဝင် စိတ်ဖြာကြည့်လျှင်၊ လူဦးရေများသည့် ဗမာ/မြန်မာလူမျိုးများ၏ ကိုးကွယ်သည့်ဘာသာ၊ ဘာသာစကားနှင့်စာပေ၊ ဓလေ့ထုံးတမ်း စဥ်လာ စသည်များကို ဗမာ/မြန်မာနိုင်ငံရေးခေါင်းဆောင်များသည် နိုင်ငံရေးအသာဆီးရမှုအပေါ် အခွင့်ကောင်းယူကာ မဟာဗမာ/မြန်မာမှုပြုလုပ်ပြီး ပြည်နယ်များရှိမတူသည့် တိုင်းရင်းသားလူမျိုးများအား တရားဝင် ပုံစံအမျိုးမျိုးဖြင့် မိမိလူမျိုးတို့၏ အရှိန်အဝါလုံးလုံးလွှမ်းမိုးရန် နိုင်ငံရေးကိုအသုံးချနေသည့် ဖြစ်စဥ်တစ်လျှောက်မှမြစ်ဖျားခံ နေသည်ကိုတွေ့ရှိရသည်။

ထိုကဲ့သို့ ဗမာ/မြန်မာလူမျိုးများကိုအခြေခံသည့် မဟာဗမာ/မြန်မာမှုသည် ဗမာ/မြန်မာမဟုတ်သည့် ပြည်နယ်များရှိ အခြားတိုင်းရင်းသားများအား လွှတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့ချိန်ထိ နိုင်ငံ၏ဖွဲ့ စည်းပုံ၊ မူ နှင့် ဥပဒေ များဖြင့်လွမ်းမိုးကာ ခွဲခြား ဖိနှိပ်ခဲ့သည်။ ဥပမာ၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် မြန်မာနိုင်ငံကို ၁၉၄၇ အခြေခံဥပဒေဖြင့် အုပ်ချုပ်ခဲ့ရာ၊ ထိုအခြေခံဥပဒေသည် တိုင်းရင်းသားခေါင်းဆောင်များ နှင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဗမာခေါင်းဆောင်များကြား သဘောတူခဲ့သည့် တန်းတူညီမျှသည့်နိုင်ငံရေးအတိုင်းဖြစ်မလာခဲ့။ ထိုခေတ်က ဗမာများ အတွက် ရွှေခေတ်ဟု တင်စားစေခဲ့သော ၁၉၄၇ အခြေခံဥပဒေသည် ဗမာမဟုတ်သည့်ကျန်တိုင်းရင်းသားများ အတွက်တော့ ဗမာနိုင်ငံရေးပါတီဖြစ်သော ဖဆပလပါတီ၏ ပြုသမျှနုခဲ့ရသော အခြေခံဥပဒေသဖြစ်နေသည်ကို ၁၉၄၈ နှင့် ၁၉၅၈ ခုနှစ် အတွင်း တစ်ဖြည်းဖြည်းသိလာခဲ့ကြသည်။ ဥပမာ၊ ၁၉၅၆-၅၇ ခုနှစ်တွင် ကချင်ပြည်နယ်၏ အစိတ်အပိုင်းဖြစ်သော ဖီမော်၊ ဂေါ်လန်၊ ဂမ်ဖန် ဒေသကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆန်ထားဆင် အပါအဝင် ကချင်ခေါင်းဆောင်များ၊ ကချင်ပြည်သူများ နှင့် ကချင် တက္ကသိုလ်ကျေင်းသားများ ဝိုင်းဝန်း ဆန့်ကျင်သည့်ကြားမှ ဦးနုသည် တရုတ်နိုင်ငံကို ပိုင်းခြားပေးအပ်ခဲ့သည်။ ထို့ ပြင် ဦးနုသည် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ်ပြငြာန်းခဲ့ဖူးသေးသည်။ 

အရေးကြီးသည့် ဥပမာ နောက်တစ်ခုကို မီးမောင်းထိုးပြရလျှင်၊ လက်ရှိ ဗမာ့တပ်မတော်ပင်ဖြင်သည်။ တပ်မတော်တွင် ဗမာမဟုတ်သည့်တိုင်းရင်းသားများ အနေဖြင့် ထိပ်ပိုင်း အရာရှိဖြစ်ဖို့ ၁၉၆၀ မှ သည် အဆိုးဆုံး အားဖြင့် ၁၉၈၀ နောက်ပိုင်း လုံးဝ ဖြစ်မလာနိုင်တော့။ အကြောင်းမှာ တိုင်းရင်းသားများ ညံ့၍မဖြစ်နိုင်၊ ရည်ရွယ်ချက်ရှိရှိ ဖွဲ့စည်းပုံ နဲ့ မူအရ ခွဲခြားဖိနှိပ်ခဲ့ခြင်းကြောင့်သာဖြစ်သည်။ အမှန်စင်စစ် လက်ရှိ တပ်မတော် သည် ဒုတိယကမ္ဘာစစ် အပြီး လွတ်လပ်ရေး မတိုင်မှီ ၁၉၄၆ ခုနှစ်တွင် တိုင်းရင်းသားများ (ကရင်၊ ကချင်၊ ချင်း နှင့် အခြားတိုင်းရင်းသားများ) ပါဝင်သည့် Civilian Affairs Service Burma (CAS (B) တပ်များကိုယ်စား ထိုအချိန်က အင်္ဂလိပ်အစိုးရဖက်မှ မောင့်ဘတ်တန် (Mountbatten) ဦးဆောင် သောအဖွဲ့ နှင့် ရဲဘော်သုံးကျိတ် မှအစ ပြုခဲ့သော Burma Independence Army (BIA) တဖြစ် လဲ Burma National Army (BNA) ကိုယ်စား ဦးအောင်ဆန်း ဦးဆောင်သည့် အဖွဲ့ သည် သီရိလင်ကာနိုင်ငံ ကင်ဒီမြို့ ၌၊ ကင်ဒီ ကွန်ဖရင့် (Kandy Conference) ကျင်းပကာ နှစ်ဖွဲ့ တပ်ကို တစ်ဖွဲ့ အဖြစ်ပေါင်းစည်းပြီးနောက် ဆက်လက်ရပ်တည် ခဲ့သည့်တပ်မတော်ဖြစ်သည်။ ထို့ကြောင့် ပထမဦးဆုံး စစ်ဦးစီးချုပ်သည် ကရင် အမျိုးသား ဗိုလ်ချုပ်စမစ်ဒွန်း (Smith Dun) ကိုခန့်အပ်ခဲ့ရပြီး၊ လေတပ်ဦးစီးချုပ်ရာထူးအတွက်လည်း ကရင်အမျိုးသား ဗိုလ်ချုပ် စောရှီးရှိ (Saw Shi Sho) ကိုတင်မြှောက်ခဲ့ရ၏၊ အဘယ့်ကြောင့်ဆိုသော်၊ ထိုအချိန်၌ ရဲဘော်သုံးကျိတ်ဝင် ဗမာ/မြန်မာအမျိုးသား ရဲဘော်များသည်ပင် စစ်သင်တန်းကို တစ်နှစ် ကျော်လောက်သာ တက်ထားခဲ့ကြသည်ဖြစ်ရာ၊ ထိုကဲ့သို့ကြီးမားသည့် စစ်ရာထူးများကိုဦးဆောင်ရန် မသင့်လျှော်သောကြောင့်ဖြစ်သည်။ သို့သော် တိုင်းပြည်လွတ်လပ်ရေးရပြီးနောက်၊ ၁၉၄၉ ခုနှစ်တွင် ကရင်တော်လှန်ရေးကို အကြောင်းပြ၍ ဗိုလ်ချုပ် စမစ်ဒွန်းအပါအဝင် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင် ကရင်လူမျိုးများကို တဖြည်းဖြည်းဖယ်ရှားခဲ့သည်။ ထို့အတူ၊ နောက်ပိုင်းတွင် ဗမာမဟုတ်သည့် ကျန်တိုင်းသားများကို တဖြည်းဖြည်းဖယ်ရှားပြီး ဗမာ/မြန်မာလူမျိုး ကြီးစိုးသည့်စစ်တပ် အဖြစ် တစ်ဖြည်းဖြည်း ပုံတွင်းခံခဲ့ရသည့်တပ်မတော်ဖြစ်လာလေတော့သည်။ ဦးနု နှင့် ဦးနေဝင်းအစိုးရလက်ထက်တွင် မိမိလူမျိုး အနည်းအကျည်းပါသော ကချင် နှင့် ချင်းတပ်ရင်းများ ထားရှိခဲ့သော်လည်း၊ ထိပ်ပိုင်း အရာရှိများနေရာများတွင်တော့ ဗမာမဟုတ်သည့်တိုင်းရင်းသားလူမျိုးများကို လုံးဝဖယ်ရှားခဲ့ပြီးဖြစ်သည်။ ယနေ့ဆိုလျှင် ထို ကချင် နှင့် ချင်းတပ်ရင်းများကိုပင် လုံးဝဖယ်ရှားလိုက်လေပြီ။ 

တစ်ပြည်ထောင် စနစ်ကို အခြေခံရေးဆွဲထားသော ၁၉၄၇ အခြေခံဥပဒေကို ခါးသီးလာသည့်အားလျှော်စွာ၊ ထိုချိန်က တိုင်းရင်းသားများကို ကိုယ်စားပြုသည့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားခေါင်းဆောင်များသည် ၁၉၄၇ အခြေခံဥပဒေသကို ပြုပြင်ရန် ပြည်နယ်များ ကွန်ဖရင့်ကို ၁၉၆၁ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သည်။  ယင်းကွန်ဖရင့်တွင် ထိုအချိန်က ရှမ်းပြည်နယ်အစိုးရမှပြုစုထားသော ၁၉၄၇ အခြေခံဥပဒေ ပြင်ဆင်ရေးမူ (အများခေါ် ရှမ်းမူ) ကို အတည်ပြုခဲ့သော်လည်း၊ တိုင်းပြည်ပြိုကွဲမည့် အလားတစ်လွဲ ဆွဲယူကာ ဦးနေဝင်း၏ အာဏာသိမ်းမှုနှင့် အဆုံးသပ်ခဲ့ကြရသည်။ စစ်အာဏာရှင်အောက်တွင် အင်္ဂလိပ်ထံမှ လွှတ်လပ်ရေးအတူယူရန် ဗမာမဟုတ်သည့်တိုင်းရင်းသားခေါင်းဆောင်များနှင့် ဦးအောင်ဆန်း အပါအဝင် ဗမာခေါင်းဆောင်များကြား သဘောတူခဲ့သည့် တန်းတူညီမျှသည့်နိုင်ငံရေးကို ဆွေးနွေးညှိနှိုင်း၍ မရသည့် အကျိုးဆက်အဖြစ် နောက်ဆုံးတွင်၊ မိမိလူမျိုးကို ကိုယ်စားပြုသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့်၊ လက်ရှိချိန်ထိ တပ်မတော်မှ ထိန်းချုပ်ထားသည့် နိုင်ငံရေး အာဏာ သည် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးအတူရယူရန် ဗမာမဟုတ်သည့်တိုင်းရင်းသားခေါင်းများ နှင့် ဗမာခေါင်းဆောင်များကြား သဘောတူထားသော နိုင်ငံရေးအခွင့်အရေးများ ပါသွားသည်မှာလည်း ယနေ့ချိန်ထိဖြစ်သည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီကိုလိုလားသည့် ဗမာ/မြန်မာများပင်လျှင် မနှစ်မြို့ သဖြင့် ဗမာမဟုတ်သည့်တိုင်းရင်းသားများ အဖို့တော့ ပြောဖွယ်ရာမရှိ။ ထို့ပြင်၊ ဤနိုင်ငံ၏ တရားမဥပဒေများကို လေ့လာကြည့်သော် ရှေးဗမာဘုရင်လက်ထက်မှ ဗမာ့ ယဥ်ကျေးမှုအပေါ်တွင် မှီတည်ထားသည်ဖြစ်ရာ အဓိပါယ်ဖွင့်ဆိုချက်များသည် ဗမာ/မြန်မာမဟုတ်သည့် တိုင်းရင်းသားများအဖို့ မဟတ်စပ်သည်ကများ၏၊ သို့သော် တိုင်းရင်းသားများ၏ ဥပဒေကဲ့သို့ တည်သော ရိုးရာ ဓလေ့များကိုတော့ ဥပဒေအရ တိတိပပ အကောင်အထည်ဖော်မှု မရှိသည့်ပြင် အသိအမှတ်ပင်မပြုတော့။ ဥပမာ ရိုးရာမြေပိုင်ဆိုင်မှုဓလေ့များကို လျစ်လျှူရှုကာ တိုင်းရင်းသားဒေသရှိ မြေယာများကို တပ်မတော်မှ ခေတ်အဆက်ဆက် မျက်နာပြောင်တိုက် သိမ်းဆည်းနေခြင်းသည် ထင်ရှားသည့် ဥပမာများဖြစ်သည်။ 

ဗမာစစ်အာဏာရှင် ဦးနေဝင်း နှင့် ၁၉၈၈ နောက်တက်လာသည့် ဗမာစစ်အစိုးရလက်ထက်များတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးကို အကြောင်းပြကာ နယ်မြေစိုးမိုးရေးခေါင်းစဥ်အောက်တွင် တပ်မတော်သည် တိုင်းရင်းသားနယ်မြေများကို စစ်အင်အားကိုအသုံးချကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ ထိုကဲ့သို့တပ်မတော်မှ သိမ်းပိုက်ထားပြီးသည့် နယ်မြေများတွင် ဗမာ/မြန်မာကြီးစိုးသည့် အစိုးရယန္ဒယားဖြင့် အခြေချကာ ခေတ်အဆက်ဆက် ချုပ်ကိုင်စိုးမိုးချယ်လည်နေသည်မှာ ယနေ့ချိန်ထိဖြစ်သည်။ တပ်မတော်နှင့် ဗမာကြီးစိုးသည့်အစိုးယန္ဒယားချုပ်ကိုင်မှု နောက်တွင် ဗမာ/မြန်မာလူမျိုးများသည် ထိုတိုင်းရင်းသားဒေသများသို့ အလိပ်လိုက်အလိပ်လိုက် နေ့စဥ်ရက်ဆက် တက်လာကာ လူနည်းစုတိုင်းရင်းသားများကို လူဦးရေဖြင့်လွမ်းမိုးလာခဲ့သည်မှာ နှစ်ပေါင်း (၇၀) ဝန်းကျင်ရှိပြီဟုဆိုရမည်။ ထို့ကြောင့် လက်ရှိအချိန်တွင်၊ ဗမာအများစုနေထိုင်သည့် တောင်တန်းဒေသရှိ ဗမာမဟုတ်သည့်တိုင်းရင်းသား ပြည်နယ်အချို့ပင် ရှိလောက်ပြီဟု ယူဆ၍ရနိုင်သည်။ အဆိုးဆုံးမှာ၊ ထိုတောင်တန်းဒေသရှိပြည်နယ်များတွင်၊ ၁၉၈၀ ခုနှစ် ဝန်းကျင်၌ လက်ချိုးရေတွက်၍ရသော စေတည်များသာရှိခဲ့သော်လည်း ယနေ့အချိန်တွင် ရပ်ကွက်၊ ကျေးရွာ နှင့် မြင့်မြင့်ရှိရာ တောင်ကမူများ၌ ဗမာ/မြန်မာများ တည်သောစေတီ နှင့် ဗမာ/မြန်မာဘုန်းကြီးကျောင်းများ လက်ညှိုးထိုးမလွဲရှိနေပြီ။ အချို့ ရှမ်း နှင့် တအေား (ပလောင်) ဘုန်းကြီးကျောင်းများသည်ပင် ဗမာ/မြန်မာဘုန်းကြီးများအဖြစ်သို့ သက်ဆင်းသွားကြပြီဖြစ်သည်။

ဤသည်မှာ လွှတ်လပ်ရေးရပြီးနောက်၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ၊ မူ နှင့် ဥပဒေများကို နိုင်ငံရေးအရ မဟာဗမာ/မြန်မာမှုပြုကာ တောင်တန်းဒေသများ၏ပြည်နယ်များရှိ ဗမာ/မြန်မာမဟုတ်သည့် အခြားတိုင်းရင်းသားများကို ပုံသွင်းစိုးမိုးချုပ်ကိုင်ကာ နိုင်ထက်စီးနှင်း ဖိနှိပ်ချုပ်ချယ် ခြင်းကြောင့် ဖြစ်ပွားလျှက်ရှိသော တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်များ အကြားမှ ဗမာ/မြန်မာပြည်မ တွင်မဟုတ်ပဲ ဗမာမဟုတ်သောတိုင်းရင်းသား ပြည်နယ်များတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ၏ အခြေခံအကြောင်းရင်းများ ပေတည်း။


(၂) ဤစစ်ပွဲများအဘယ့်ကြောင့် ကျန့်ကြာနေရသနည်း?

သမိုင်းကြောင်း ရှည်လျှားပြီး မိမိပိုင်နယ်မြေဖြင့် နေထိုင်ခဲ့သော ဗမာမဟုတ်သောတိုင်းရင်းသားများဖြစ်ကြသည့်ကချင်၊ ကရင်၊ ကရင်နီ ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း နှင့် အခြား သော  တိုင်းရင်းးသာများ၏ နိုင်ငံရေး အခွင့်အရေးကို ဗမာ/မြန်မာ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ခေတ်အဆက်ဆက် မသိကျိုးကျွန်ပြု ခံနေရသောကြောင့်ဖြစ်သည်။ ဥပမာ၊ ၂၁ ရာစု-ပင်လုံညီလာခံကို အကြိမ်ကြိမ်ကျင်းပကာ ဆွေးနွေးညှိနှိုင်းမှုများလုပ်ခဲ့ပြီးဖြစ်သော်လည်း၊ ယနေ့ချိန်ထိ တပ်မတော် နှင့် အစိုးရဘက်မှ ဗမာမဟုတ်သောတိုင်းရင်းသားများ၏ မူလအခြေခံ နိုင်ငံရေးအခွင့်အရေးကိုတစ်စုံတစ်ရာ လိုက်လျှောခြင်းမရှိသေးပေ။   အဆိုးဆုံးမှာ၊ တပ်မတော်မှ တိုင်းရင်းသားဒေသများတွင် မဟာဗြူဟာကျကျ ထိုးစစ်ဆင်မှုကို အလှည့်ကျ ခေတ်တစ်လျှောက်ပြုလုပ်လျက်ရှိသည်။


(၃) မည်သူများ၌ တာဝန်အရှိဆုံးနည်း?

ဗမာမဟုတ်သည့် တိုင်းရင်းသားများ၏ မူလအခြေခံ တန်းတူညီမျှသည့် နိုင်ငံရေးအခွင့်အရေး အတွက် စေ့စပ်ညှိနှိုင်းရန်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ လက်ရှိအစိုးနှင့် တပ်မတော်ခေါင်းဆောင်များ အားလုံးတွင်တာဝန်ရှိသည်။ သို့သော် နိုင်ငံရေးအရ၊ နိုင်ငံတော်၏ အာဏာကို မူလပိုင်ရှင်သဖွယ် ချုပ်ကိုင်ထားသည့် အစိုးရခေါင်းဆောင်များ နှင့် တပ်မတော်တွင် တာဝန်အရှိဆုံးဖြစ်သည်။

မှတ်ချက်။ ။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်နယ်များ၌ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များကြား ဖြစ်ပွားနေသည့် စစ်ပွဲများ၏ နောက်ခံ နှင့် အခြေအနေမှန်ကို စိတ်ဝင်စားသူများသိရှိနိုင်ရန် နှင့် ဤနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအတွက် တင်ပြခြင်းဖြစ်သည်။

Kodawng Uma – Kodawng Uma သည် စာရေးသူ၏ ကလောင်အမည်ဖြစ်ပြီး၊ ၄င်းသည် ရှမ်းမြောက်ပိုင်းတွင်အခြေစိုက်သည့် မြန်မာနိုင်ရှိ ဗမာတိုင်းရင်းသားအပါအဝင် ကျန်တိုင်းရင်းသားများ၏ နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေးများကို လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည်။

Leave a Reply

*