ဗန်းမော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများ အကူအညီမရောက်သဖြင့် အခက်ကြုံနေရ

ဗန်းမော်မြို့နယ်အတွင်းရှိ ဗန်းမော်ရောဘတ်စစ်ဘေးရှောင်စခန်း၊ အေဒီ ၂၀၀၀ ကက်သလစ်စစ်ဘေးရှောင်စခန်းနဲ့အခြားသော စစ်ရှောင်စခန်းများကို လက်ရှိအချိန်ထိ ကူညီထောက်ပံ့မှုတွေ အချိန်မှီမရောက်ရှိသေးတာကြောင့် အခက်ကြုံနေကြရတယ်လို့ စခန်းကော်မတီထံမှ သိရပါတယ်။

စစ်ဘေးရှောင်စခန်းတွေ အကူအညီမရောက်ရှိတာက ဧပြီလနဲ့ မေလ နှစ်လဖြစ်လာပြီဖြစ်ကာ ယခုအချိန်ထိ အထောက်အပံ့မရရှိတာကြောင့် လိုအပ်ချက်များစွာရှိနေတဲ့အပြင် လုပ်ကိုင်စားသောက်ဖို့ ခရီးသွားလာဖို့လည်း လုံခြုံစိတ်ချရတဲ့အချိန်အခြေမဟုတ်တာကြောင့် စိုးရိမ်ဖွယ်ဖြစ်တယ်လို့ ဗန်းမော်ရောဘတ်စစ်ရှောင်စခန်းမှ တာဝန်ရှိသူကပြောပါတယ်။

“WFP အနေနဲ့ မတ်လကုန်အထိအတွက် ထောက်ပံ့ကူညီတာတော့ရှိတယ် ဧပြီနဲ့မေအတွက်ကတော့ မရောက်သေးတော့ အခုက ချေးငှားပြီး စားသောက်နေကြသူတွေကြီးပဲ စခန်းကော်မတီအနေနဲ့ ဘာမှ လုပ်ဆောင်ပေးနိုင်တာမရှိဘူး ဖြစ်နေတယ် အခက်တွေ့တာပေါ့၊ အစိုးရအုပ်ချုပ်ရေးဘက်ကနေလည်း ဘယ်မှသွားလာခြင်းမလုပ်နဲ့ဆိုပြီး ပြောဆိုထားပေမယ့် လုပ်ကိုင်စားသောက်ဖို့ သွားလာဖို့လိုအပ်လာတယ်၊ အခုဆိုရင် နေရာတကာမှာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေ လေကြောင်း ဗုံးကြဲမှုတွေကလည်းရှိနေတော့ ကျတော်တို့အနေနဲ့ စိုးရိမ်တာပေါ့၊ စစ်တပ်နဲ့လည်း နီးစပ်နေတော့ ဘယ်တော့များ လာပစ်ခတ်မလဲဆိုပြီး စိုးရိမ်နေရပါတယ်” လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူကပြောပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေတဲ့ ပြည်သူများက အကူအညီမရောက်ရှိတော့တာကြောင့် လက်ဝယ်ရှိထားတဲ့အရာများဖြင့် ဝယ်ယူစားသောက်နေရကာ၊ အခြားသောဒေသမှ ဆွေးမျိုးသားချင်းများဆီမှ ချေးငှားပြီး အခက်အခဲကို ကျော်ဖြတ်နေကြရပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ အလော့ဘွမ်၊ ဆလောင်းကုန်း၊ မြို့သစ်၊ ကုန်းလော စတဲ့နေရာများတွင် ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၂၅) တပ်ရင်း (၃၀) နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ထိုနေရာများရှိ ဒေသခံများကလည်း မိုးမောက်မြို့နက်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူ ၅၀၀၀ ကျော်ရှိနေတာပဲ ဖြစ်ပါတယ်။

Leave a Reply

*