ဗန်းမော်တွင် အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဆီးခုံကျည်ထိမှန်ခဲ့သူ မျိုးသန့်ကျော် ကွယ်လွန်

မတ်လ ၂၇ ရက်နေ့က စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းစဉ် ဆီးခုံကျည်ထိမှန်ခဲ့တဲ့ ဗန်းမော်မြို့မှ မောင်မျိုးသန့်ကျော်က ဝေဒနာခံစားခဲ့ရပြီး ၄ ရက်မြောက်နေ့မှာတော့ ကျဆုံးသွားခဲ့ရပြီဖြစ်ပါတယ်။

ဗန်းမော်မြို့တွင် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ၂ ဦးကျဆုံးသွားခဲ့ရတာဖြစ်ပြီး ထိုနေ့က ဗန်းမော်မြို့၊  မြို့မရပ်ကွက်၊ တရုတ်တန်း ကမ်နားလမ်းအနီးတွင် ဆန္ဒထုတ်ဖော်နေစဉ် စစ်ကောင်စီတပ်များ ပစ်ခတ်လိုက်တဲ့ သံဘောစေ့ပေါ် ရာဘာစွပ်ထားတဲ့ ကျည် ဆီးခုံနေရာတွင် ထိမှန်ခြင်းကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။

ဝေဒနာခံစားရင်း ဆေးကုသမှုခံယူနေစဉ် ဒဏ်ရာသက်သာမှုပြလာပေမယ့် ခဲဆိပ်သင့်မှုကြောင့် ယနေ့မနက်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံတလွှား ကျဆုံးသွားတဲ့ ပြည်သူ (၅၂၀) ဦးထက်မနည်းရှိနေပြီဖြစ်ကာ စာရင်းအတိအကျကိုတော့ မသိရှိနိုင်သေးသလို ကချင်ပြည်နယ်မှာတော့ ကျဆုံးသွားတဲ့ သူရဲကောင်း (၁၀) ဦးရှိသွားပြီပဲဖြစ်ပါတယ်။

Leave a Reply

*