ဗန်းမော်မြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာနေတဲ့ ပြည်သူများကို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူများ အပြင်ထွက်သွားလာဖို့ အခက်ကြုံနေကြရပါတယ်။

ရပ်ကွက်အလိုက် ဂိတ်များထားက မြို့တွင်းသွားလာကြသူများကို နေ့လည် ၁၂ နာရီကစတင်ပြီး ရပ်ကွက်ထောက်ခံစာစစ်ဆေးခြင်းတွေ ပြုလုပ်ကာ ဂိတ်ရှေ့မှ ဖြတ်သန်းသွားလာခြင်းမပြုဖို့ ပြောဆိုမှုတွေ ရှိတာကြောင့် ပြည်သူများက လမ်းကြောင်းပြောင်း သွားလာကြရခြင်းက အဆင်မပြေ အခက်တွေ့စေကြောင်း ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။
“မြို့တွင်း သွားလာဖို့တောင် ရပ်ကွက်တိုင်းလိုလိုမှာ ဂိတ်တွေကြီးပဲ၊ နေ့လည် ၁၂ နာရီကစပြီး မဖြတ်ဖို့ပြောပေမယ့် အရေးကြီးပြီး ဖြတ်သန်းချင်ရင် ထောက်ခံစာပြရတယ်၊ ဆိုင်ကယ်တွေစစ်တယ် လိုင်စင်စစ်တယ်၊ ညနေပိုင်း ၁ ကစပြီး ပိုစစ်ဆေးတယ်ဗျာ၊ ဂိတ်ရှေ့ကနေ ဖြတ်သွားရင်လည်း နောက်တစ်ခါထပ်မဖြတ်နဲ့တဲ့ ဆိုတော့ ပြည်သူတွေက အခြားလမ်းကနေ ဝှေ့ဝိုက်ပြီး သွားရတာပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်တလောတွင် ဗန်းမော်မြို့တွင်း မော်တော်ယာဉ်၊ ဆိုင်ကယ် လိုင်စင်စစ်ဆေးခြင်းတွေ နေ့တိုင်းလိုလိုရှိနေပြီး ဖမ်းဆီးအရေးယူတာတွေလည်း ပြုလုပ်နေကာ ဖမ်းဆီးခံထားရတဲ့ဆိုင်ကယ်များကိုလည်း ငွေ သုံးသိန်းဖြင့် လိုင်စင်အတင်းပြုလုပ်စေကာ ထုတ်ပေးနေကြောင်းလည်း သိရပါတယ်။