ဗန်းမော်ခရိုင်အတွင်းတွင် ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူများကို အထွေထွေအုပ်ချုပ်ရေးမှူးမှ ဗန်းမော်ခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူမရှိကြောင်း ခေါင်းစဉ်ဖြင့် လက်မှတ်ရေးထိုင်းခိုင်းမှုအပေါ် စစ်ဘေးရှောင်ပြည်သူများက မလိုလား ကန့်ကွက်မှုတွေပြုလုပ်ထားကြပါတယ်။
အုပ်ချုပ်ရေးပိုင်းက ယခုလို စစ်ဘေးရှောင်ပြည်သူများကို လက်မှတ်ရေးထိုးခိုင်းခြင်းက ဗန်းမော်ခရိုင်တွင် စစ်ဘေးရှောင်ပြည်သူများမရှိပဲ ယခုလက်ရှိတည်ရှိနေသူများက မန်စီခရိုင်၊ မန်ဂျယ်ခရိုင်များမှ စစ်ဘေးရှောင်ပြည်သူများသာဖြစ်ကြောင်း ရည်ရွယ်ချက်ဖြင့် ရေးထိုးခိုင်းခြင်းဖြစ်ကာ လက်ရှိတွင် အကူအညီပေးမှုများကိုလည်း လျော့ချလာတဲ့ စီမံကိန်းရှိနေကြောင်း ရောဘတ်စစ်ဘေးရှောင်စခန်းရှိ ကော်မတီခေါင်းဆောင် ဦးတန်ဂွန်းကပြောပါတယ်။
ယခုလို လက်မှတ်ရေးထိုးခိုင်းခြင်းရဲ့ အကြောင်းအရာအတိအကျကိုတော့ မသိရှိဘူးလို့ပြောဆိုလာတာကြောင့် အကြောင်းအရာမသိရှိလိုက်ပဲ လက်မှတ်ရေးထိုးပေးလိုက်တဲ့ စစ်ဘေးရှောင်စခန်းများလည်း ရှိကြောင်း သိရှိရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူတိုင်းကဒုက္ခကိုယ်စီဖြင့် ရုန်းကန်နေကြရချိန် ယခုလိုအကြောင်းအရင်းမသိပဲ ဗန်းမော်ခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူများမရှိကြောင်း လက်မှတ်ရေးထိုးခိုင်းမှုကို မလိုလားကန့်ကွက်နေကြရတာဖြစ်ပါတယ်။