ဖုန်းနဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်း ၅၀၀ ကျော်ဆုံးရှုံး

မြစ်ကြီးနာမြို့ တပ်ကုန်းစံပြလမ်းခွဲတွင် ဖွင့်လှစ်ထားတဲ့ မြောက်ပိုင်း U.S.A Lum Tu ဖုန်းနဲ့လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကြီး ယနေ့မနက် ဩဂုတ်လ ၁၉ ရက် ၂ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ဆိုင်အတွင်းရှိ တီဗီ၊ ဖုန်း၊ အဲကွန်းနဲ့ အခြားသောလျှပ်စစ်ပစ္စည်းများ ကာလတန်ကြေး ကျပ်သိန်း ၅၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများပါဝင်ကြောင်း သိရပါတယ်။

မီးလောင်ကျွမ်းသွားရခြင်းရဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးပေမယ့် ဗုံးပေါက်ကွဲသံကြားပြီးနောက် မီးလောင်သွားခြင်းဖြစ်ကာ ထိုအချိန် လမ်းမကြီးတွင် အာဏာသိမ်းစစ်တပ်က ဖြတ်သွားဖြတ်လာလုပ်ဆောင်နေတာကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ မရှိချိန်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြပါတယ်။

“လွန်ခဲ့တဲ့ ၃ လလောက်က လူ ၂ ယောက် ၃ ယောက်လောက် လာခြိမ်းခြောက်တာတော့ရှိခဲ့ဘူးတယ်၊ “သူများဒီလောက် ဒုက္ခရောက်နေတာ မင်းက ဆိုင်လာဖွင့်စားနေတယ်” လို့လာပြောဘူးတယ်၊ ကျနော်က လုပ်အားခ၊ ဆိုင်ခန်းခပေးနေရတော့ ဆိုင်မဖွင့်လို့မရဘူး၊ ကျနော် ရည်ရွယ်တာက ပြည်နယ်မှာရှိတဲ့ လူငယ်တွေကို ကောင်းမွန်တဲ့ အလုပ်များများပေးနိုင်တဲ့ လုပ်ငန်းရှင်ဖြစ်လာဖို့ လုပ်ဆောင်နေတာပါ၊ အဲ့ဒီတော့ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်နေတာပါ အဲ့ဒါကို အချို့က မမြင်ကြဘူး၊ ဈေးရောင်းစားပြီး ပျော်ရွှင်နေတယ်လို့ မြင်နေသူတွေလည်း ရှိတယ်ထင်တယ်” လို့ ဆိုင်ပိုင်ရှင်ကပြောပါတယ်။

လက်ရှိအချိန်မှာတော့ သက်ဆိုင်ရာဌာနအနေဖြင့် မီးလောင်မှုအတွက် အမှုဖွင့်ထားခြင်း ရှိကြောင်းလည်း သိရပါတယ်။

“အခု သက်ဆိုင်ရာဌာနကနေပြီးတော့ အမှုဖွင့်အရေးယူဖို့ လုပ်ဆောင်နေတာရှိတယ်၊ အနည်းဆုံး ၆ လလောက် ထောင်ကျနိုင်တယ်လို့တော့ပြောတယ်၊ ဆိုင်ကလည်း အားလုံးမီးလောင်ကျွမ်း ဆုံးရှုံးခဲ့ရ၊ ရှာဖွေထားတာလေးကလည်း အားလုံးပါသွားပြီ၊ ထောင်ကလည်းကျအုံးမယ်” လို့ သူကပြောပါတယ်။

မီးစတင်လောင်ကျွမ်းလာချိန် မီးသတ်ဌာနကို ဖုန်းဆက်သွယ်အကြောင်းကြားခဲ့ပေမယ့် အချိန်မှီရောက်ရှိလာခြင်းမရှိ အချိန်အတော်ကြာမှ လာရောက်ငြိမ်းသတ်ခဲ့တာကြောင့် ဆိုင်အတွင်းရှိ ပစ္စည်းများအားလုံးနဲ့ ဆိုင်အနီးရှိ ဆောက်လက်စအိမ်တစ်ခုလည်း လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

*