နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်တဲ့ ဖုန်လွမ်ယန်စစ်ဘေးရှောင်စခန်းမှာ ကိုဗစ်-၁၉ ကာလဖြစ်ပေမယ့် ကျောင်းဖွင့်လှစ်သွားဖို့ အစီအစဉ်ဖြင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေရာမှာ ယခုနှစ် ပညာသင်နှစ်ကာလအတွက် ကျောင်းဆရာများ အရေးတကြီးလိုအပ်မှုတွေ ရှိနေပါတယ်။ ၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်ကာလအစဟာ ကိုဗစ်-၁၉ ကာကွယ်နှိမ်နှင်းရေးအချိန်နှင့် တိုက်ဆိုင်မှုရှိနေတာကြောင့် ကျောင်းဖွင့်လှစ်သွားချိန်တွင်လည်း အတန်းနဲ့ အချိန်များကို ခွဲခြားသတ်မှတ်ကာ ဖွင့်လှစ်သင်ကြားသွားနိုင်ဖို့ ပြင်ဆင်နေချိန်မှာ ခက်ခဲမှုတွေ ရှိနေကြောင်း ကျောင်းအုပ်ကြီးမှ ပြောပါတယ်။ “ယခင်တုန်းကအယောက် ၄၀ ရှိတဲ့ ကျောင်းခန်းကို ဆရာတစ်ဦးဖြင့်သင်ကြားနေရာကနေ ဒီနှစ်ကတော့ ကိုဗစ်-၁၉ အခြေအနေကြောင့် အခန်းတစ်ခန်းကို ၁၅ ဦးဖြင့် အတန်း အချိန်များကို ခွဲပြီးသင်ကြားသွားဖို့ ပြင်ဆင်နေတော့ သင်ကြားပေးမယ့် ကျောင်းဆရာတွေ ပိုမိုလိုအပ်နေတာပေါ့” လို့ စစ်ဘေးရှောင်စခန်း ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။ ဖုန်လွမ်ယန်စစ်ဘေးရှောင်စခန်းတွင် နှစ်စဉ်နှစ်တိုင်း စေတနာ့ဆရာတေါ လာရောက်သင်ကြားပေးလေ့ရှိကာ ကျောင်းသားများကတော့ စစ်ဘေးရှောင်စခန်းရှိ ကျောင်းသား ၇၀၀ ကနေ ၈၀၀ ဝန်းကျင် ပညာသင်ကြားမှုခံယူနေတဲ့ အလယ်တန်းအဆင့် ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။