ကေအိုင်အိုထိန်းချုပ်နယ်မြေတွင်ရှိတဲ့ ဖုန်လွမ်ယန်စစ်ဘေးရှောင်စခန်းတွင် လျှပ်စစ်မီး မရရှိတာ တစ်လနီးပါးရှိလာတာကြောင့် စခန်းတွင်း နေထိုင်သူများ အခက်တွေ့နေကြရပါတယ်။
စခန်းအတွက် အဓိကကျတဲ့ ဆေးပေးခန်းတွင် မီးမရရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်များနဲ့ အောက်ဆီဂျင်အရေးပေါ်ပေးအပ်ရန်လိုအပ်တဲ့ လူနာများရောက်ရှိလာချိန်တွက် အခက်အခဲပိုမိုကြုံတွေ့နေရကာ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးအချိန်ဖြစ်တာကြောင့် အသွားအလာကန့်သတ်ထားခြင်းကလည်း ထိုသူများအတွက် စိုးရိမ်ဖွယ်အဖြစ် ရှိနေပါတယ်။
“မီးမရတာ တစ်လနီးပါးရှိပြီ၊ ကိုဗစ်အချိန်ဖြစ်တာကြောင့် အသွားအလာကန့်သတ်မှုတွေရှိနေတော့ ပိုမိုခက်ခဲလာသလို ခံစားရတယ်၊ ဆေးရုံဆေးပေးခန်းတွေအတွက် ပိုမိုဒုက္ခရောက်ရတာပေါ့” လို့ စခန်းကော်မတီ ဦးအင်ခွန်တူးလွမ် ကပြောပါတယ်။
လျှပ်စစ်ရုံးကနေ လာရောက်စစ်ဆေးမှုတွေရှိခဲ့ကာ စခန်းတွင်းကို ပေးထားတဲ့ ထရန်စဖော်မာ ပျက်စီးခြင်းကြောင့် မီးမရရှိခြင်းဖြစ်ပြီး ပြန်လည်လဲလှယ်ဖို့လိုအပ်နေခြင်းကြောင့် ၃၁၅ ကီလိုဝပ်ရှိတဲ့ ထရန်စဖော်မာကို အစားထိုးပေးဖို့ ညွန်းကြားရရှိထားပြီဖြစ်တယ်လို့ ရုံးကနေပြောဆိုလာပါတယ်။