ဖုန်လွန်ယန်စစ်ဘေးရှောင်စခန်း အလယ်တန်းကျောင်းသားစာရင်းကို ရပ်ကွက်အတွင်းကောက်ခံမည်

ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေရာတွင် ဖုန်လွန်ယန်စစ်ဘေးရှောင်စခန်းအတွင်းရှိ ကျောင်းလည်း ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်နေပြီဖြစ်ကာ ကျောင်းသားစာရင်းကောက်ခံမှုကိုတော့ စစ်ရှောင်စခန်းအပိုင်းလိုက် ကောက်ခံသွားဖို့ ပြင်ဆင်နေပြီလို့ အလယ်တန်းကျောင်းကော်မတီထံမှ သိရှိရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်တားဆီးရမည့်အချိန်ဖြစ်တာကြောင့် လူစုလူဝေးမဖြစ်ပေါ်စေဖို့ ရပ်ကွက်ကော်မတီနဲ့ ကျောင်းတာဝန်ရှိသူတွေပူးပေါင်းပြီး ရပ်ကွက်အတွင်းမှာပဲ ကျောင်းသားစာရင်းများ လက်ခံသွားဖို့ ပြင်ဆင်နေပါတယ်။ “ယခင်နှစ်လိုကျောင်းအပ်လက်ခံတဲ့စနစ်ကို ပြောင်းလဲထားပါတယ်။ ယခုနှစ်မှာတော့ ရပ်ကွက်နဲ့ ရပ်ကွက်အပိုင်းလိုက် ကျောင်းအပ်စာရင်းကောက်ခံသွားဖို့ ပြင်ဆင်ထားပါတယ်” လို့ ဖုန်လွန်ယန်စစ်ဘေးရှောင် အလယ်တန်းကျောင်းအုပ် ဆရာကြီးက ပြောပါတယ်။ ဖုန်လွန်ယန်စစ်ဘေးရှောင်စခန်းတွင် နှစ်စဉ်နှစ်တိုင်း ကျောင်းသားဦးရေ ၇၀၀ မှ ၈၀၀ ကြား စာသင်ကြားလက်ခံနေတဲ့ ကျောင်းဖြစ်ကာ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တားဆီးရေးအချိန်အခါဖြစ်တာကြောင့် ကျောင်းခန်း တစ်ခန်းတွင် ကျောင်းသား ၁၅ ဦးဖြင့် အချိန်ခွဲကာ အတန်းတစ်တန်းနဲ့တစ်တန်း သင်ကြားသွားမှာဖြစ်ပေမယ့် သင်ကြားပေးမယ့် ကျောင်းဆရာများစွာလည်း လိုအပ်နေကြောင်း သိရှိရပါတယ်။ ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ ကျောင်းများကို လာမည့် ဇူလိုင် ၁ ရက်နေ့ကစတင်ပြီး ဖွင့်လှစ်သင်ကြားသွားနိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ကာ ကျောင်းတိုင်းလည်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

Leave a Reply

*