ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာရှိ စက်လှေဆိပ်တွင် ဩဂုတ်လ ၃၀ ရက်နေ့လည်ပိုင်းမှာ လန်ခရူစာကားနဲ့အတူ လူလေးဦး ရေထဲထိုးကျသွားခဲ့ရာ ပါဝင်သူအမျိုးသမီးတစ်ဦးကို ယခုအချိန်ထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးပဲ ဖြစ်နေပါတယ်။
စက်လှေဖြင့် တဖက်ကမ်းကို ကူးနေစဉ် ကုန်းကိုရောက်ခါနီးအချိန် ရေထဲပြုတ်ကျသွားခြင်းဖြစ်ကာ ကားပေါ်စီးနင်းလိုက်ပါလာတဲ့ ယဉ်မောင်းနဲ့ အခြားသောအမျိုးသား ၂ ဦးကတော့ ကားထဲကနေ ထွက်လာနိုင်ပြီး ရေပေါ်ရောက်လာပေမယ့် ကျန်ရှိနေတဲ့ အသက်၂၈ နှစ်အရွယ်ဆိုင်ပန်ကတော့ ရုန်းထွက်လာနိုင်ခြင်းမရှိပဲ ကားနဲ့အတူနစ်မြုပ်သွားခဲ့ပြီး လက်ရှိအချိန်ထိ မတွေ့ရှိသေးတာဖြစ်ပါတယ်။
“ကားကို စက်လှေပေါ်တင်ပြီး ကူးဖြတ်စဉ် ကုန်းရောက်ခါနီးမှာ ရေထဲထိုးကျသွားတာ၊ ကားထဲမှာ လူ ၄ ဦးစီးလာတာ၊ ကားကိုတော့ ဆွဲထုတ်နိုင်ပြီး ၃ ယောက်က လွတ်ပေမယ့် ငါ့ယောင်းမက ရေထဲပါသွားတယ်ထင်တယ် ဘယ်လောက်ရှာရှာ မတွေ့တော့ မနက်ဖြန်ပြန်ရှာရအုံးမယ်” လို့ အိမ်သားတစ်ဦးကပြောပါတယ်။
အနိုင်းဆိုင်းပန်ကို လက်ရှိအချိန်တွင် မိသားစုနဲ့ လူမှုကူညီရေးအသင်းတွေ အတူတကွရှာဖွေမှုတွေ ဆက်တိုက်လုပ်ဆောင်နေကာ ဖားပြင်ဒေသက စက်လှေဆိပ်ဟာ မိုးရာသီအရောက်တွင် ရေကြီးမှုကြောင့် ယာယီတံတားကို ဖယ်ပြီး စက်လှေဖြင့် လူ၊ ဆိုင်ကယ်နဲ့ကားများ ဖြတ်သန်းသွားလာမှုတွေပြုနေကာ လွန်ခဲ့သောလတွင်လည်း ယခုလိုဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။